Home
ဆောင်းပါး
စစ်ဗိုလ်ချုပ်တို့ရဲ့ တရားမဝင် စလုတ်
DVB
·
September 25, 2023

တခေတ်သောအခါ တိုင်းပြည်ကို ပထမအာဏာရှင်နေဝင်း ဗိုလ်ကျခဲ့စဉ်တုန်းက အဂတိလိုက်စားမှုဆိုတာ သူတဦးတည်းသာ လုပ်ခွင့်ရှိတဲ့အရာလို့ ယုံမှတ် ကျင့်ကြံခဲ့ဖူးတယ်။ တကိုယ်တော် စိတ်ကြိုက် အင်္ဂလန်သွားလိုက်၊ ဂျာမနီသွားလိုက် လနဲ့ချီကြာ တိုင်းပြည်ဘဏ္ဍာ သုံးဖြုန်းနေရုံမက အခု မြေးတွေလက်ထက်အထိ သုံးနေဖြုန်းနေပုံက ကြောက်စရာ။

နေဝင်းပတ်လည်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးငယ်တွေကတော့ နေဝင်း ထောက်လှမ်းရေးတွေရဲ့ မျက်လုံးဒေါက်ထောက် စောင့်ကြည့်မှုအောက်မှာ သတိကြီးကြီးထားနေရ။ လာဘ်စားခြင်းအမှုကို ချေးလိုရွံတဲ့ အဲဒီခေတ် ဗိုလ်ချုပ်တွေတောင် နေဝင်း စိတ်အဆင်မပြေတဲ့ တရက် ဖြုတ်လည်းဖြုတ်ရော လာဘ်စားမှုဆိုပြီးခေါင်းစဉ် အတပ်ခံရသေး။ ဘာပဲဖြစ်ဖြစ် နေဝင်းက သူ့တပည့် စစ်ဗိုလ်ချုပ်တွေကို သူ့လို မိုးခါးရေ မကြိုက်ရဲအောင် ထိန်းကွပ်နိုင်ခဲ့တာတော့ သေချာပါတယ်။

ဒုတိယအာဏာရှင် သန်းရွှေ လက်ထက်ရောက်တော့ ဈေးကွက်ကို သူတို့လိုသလို ဖွင့်ပေးလိုက်ရုံတင်မက မူးယစ်ဆေးဝါး အပါအဝင် ငွေမည်းတွေကို ငွေဖြူလျှော်ဖွပ်ခြင်းဟာလည်း ကြောက်မက်ဖွယ်။ စစ်ဗိုလ်ချုပ်တို့မှာ အရူးအမဲသားစားရသလို ရူးမတတ် လာဘ်စားပါတော့တယ်။

သန်းရွှေဟာ သူကိုယ်တိုင်ရော သူ့မိသားစုပါ ရူးမတတ် လာဘ်စားခဲ့သလို ဗိုလ်ချုပ်ကြီးငယ် မှန်သမျှတင်မက တိုင်းပြည်နဲ့ချီကာ အဂတိမပါဘဲ ဘာမှလုပ်လို့မရအောင် စာရိတ္တမဏ္ဍိုင်ကို အကြီးအကျယ် ဖျက်ဆီးခဲ့တယ်။ တိုင်းပြည်စီးပွားရေးကို အဂတိတွေ တရားမဝင် လမ်းကြောင်းတွေနဲ့သာ လည်ပတ်လို့ရအောင် စစ်ဗိုလ်ချုပ်တွေက တည်ဆောက်ခဲ့တယ်။ တိုင်းပြည်ရဲ့ သယံဇာတမှန်သမျှ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးသမားတွေ ပေါင်းရိုက်ကာ အပြုတ်ကြံကြတယ်။ သန်းရွှေကစလို့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေဟာ အာဏာနဲ့ သိုက်တူးခွင့်လိုင်စင် အထပ်လိုက်ကိုင်ကာ ဘယ်သူသေသေ ငတေမာရေးကိုပဲ ရှေ့ရှုခဲ့ကြတယ်။ စစ်ဗိုလ်ချုပ်တွေက အဂတိလိုက်စားမှုဆိုတာကို တရားဝင်လုပ်ငန်းသဖွယ် ရှုမြင်ခဲ့ကြသလို လာဘ်စားခြင်းဟာ သူတို့ရဲ့ တရားဝင်ရပိုင်ခွင့် အခွင့်အရေးလို့ မြင်ရဲလာတဲ့အထိ ဆင်ခြင်တုံ ပျောက်ဆုံးခဲ့တယ်။

သန်းရွှေက သူ့လူတွေ လာဘ်စားသမျှ သူ့အာဏာနဲ့ သူ့စီးပွားရေးအင်ပါယာကို မထိရင် ပြီးရော၊ ပြီးတော့ ခေါင်းပေါင်းကြီးဖြစ်တဲ့ သူ့ကို အလိုက်တသိ စားဦးစားဖျား ကန်တော့တတ်ရင် ထိုင်ကြည့်နေပါတယ်။ သူ့လောက် လောဘကြီးတဲ့သူတွေနဲ့ သူ့မျက်စိထဲ မတွေ့တဲ့သူတွေကို ပြတ်ပြတ်သားသား ရှင်းပစ်တတ်ပေမဲ့ မတရားစည်းစိမ်တွေ သိမ်းတဲ့အထိ မလုပ်ခြင်းဟာလည်း သန်းရွှေကို သက်ဆိုးရှည်စေတဲ့ အကြောင်းတချက်ပါပဲ။

မင်းအောင်လှိုင်က သန်းရွှေရဲ့ ကြောက်မက်ဖွယ် အဂတိပင်လယ်ထဲမှာ ရာထူးတွေ အဆင့်ဆင့်တက်ကာ သန်းရွှေနားအထိ ရောက်လာခဲ့ရုံမက သန်းရွှေရဲ့ အရိုက်အရာကိုတောင် ဆက်ခံခွင့်ရခဲ့တယ်။ မင်းအောင်လှိုင်ဟာလည်း အဂတိပင်လယ်ထဲမှာ ကျွမ်းကျင်စွာ ကူးခတ်တတ်ခဲ့သလို ဗိုလ်ချုပ်တို့ထုံးစံအတိုင်း အာဏာနဲ့ ကောင်းကောင်းသိုက်တူးနိုင်အောင် သားသမီးတွေကို ကုမ္ပဏီထောင်စေကာ လောဘဇောတိုက်ခဲ့တယ်။

သူတို့အသိုင်းအဝိုင်းကနေ ထွက်လာတဲ့ သတင်းတွေအရ မင်းအောင်လှိုင်ရဲ့ လောဘဇောတိုက်မှုဟာ သူ့ဆရာ သန်းရွှေကို လိုက်မီတယ်လို့ သိရတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အထွတ်အထိပ်ရောက်ရှိတဲ့ ၂၀၁၁ ခုနှစ်ဆိုတာ သန်းရွှေတခေတ်လို စိတ်ကြိုက် ထင်ရာစိုင်းခွင့်မရတော့ဘဲ စစ်တပ်နဲ့ စစ်တပ်စီးပွားရေးကိုသာ မင်းမူခွင့်ရတော့တာကြောင့် နေ့စဉ် အဝစားစနစ်တော့ ဘယ်ဟုတ်တော့မလဲ။

တဖက်မှာ ကြံ့ဖွတ်အစိုးရနဲ့ လွှတ်တော်။ သူ့ကိုမကြည်တဲ့ ဗိုလ်ချုပ်ဟောင်းတွေကလည်း အများသားမို့ သူ့ရဲ့ခွင်ဖြစ်တဲ့ စစ်တပ်ကနေ ကျော်ပြီး အဝလျှောက်စားလို့ ဘယ်ရမလဲ။ ၂၀၁၆ ခုနှစ်ရောက်တော့ NLD အစိုးရ၊ ပိုင်နက်ကျော် လာဘ်စားဖို့ မပြောနဲ့၊ သူ့အာဏာ မလျော့သွားအောင်ကို ပိုသတိကြီးကြီးထားနေရတဲ့ဘဝ။ မင်းအောင်လှိုင်နဲ့ သူ့သားသမီးတွေရဲ့ တရားမဝင်ကြွယ်ဝမှုကို ခန့်မှန်းရခက်ပေမဲ့ အချိန်နဲ့အမျှ ကြောက်မက်ဖွယ် ဒီတက်လာတာက သေချာပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီး တရားစွဲခံနေရတဲ့ မြန်မာစီးပွားရေးသမား ထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှုထဲမှာ မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတချို့ကိုပါ စစ်ဆေးတွေ့ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့တာဟာ မင်းအောင်လှိုင်တို့ မိသားစုရဲ့ သရဲစီးနေတဲ့ လောဘကို ဖော်ပြနေပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် မင်းအောင်လှိုင်ဟာ သူ့ဆရာသန်းရွှေလို ခေါင်းပေါင်းကြီး ဖြစ်လာတော့တယ်။ ခေါင်းပေါင်းကြီးတို့ရဲ့ ထုံးစံအတိုင်း အရင် ကာချုပ်ဘဝတုန်းက မရှင်းခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးငယ်တွေကို အာဏာရဲ့ ဗဟိုချက်ကနေ ရှင်းထုတ်ကာ သူပြီး၊ ပြီးမယ့် တပည့်ရင်းချာတွေကို သူ့အနား ဆွဲ‌ခေါ်လိုက်တယ်။ အရာရာကို သံသယကြီးပြီး အကြောက်တရားလည်း ကြီးရရှာတဲ့ စစ်ဗိုလ်ချုပ်တို့ရဲ့ ထုံးစံအတိုင်း အရေးကြီးတဲ့နေရာ၊ အရေးကြီးတဲ့ဌာနနဲ့ အရေးကြီးတဲ့ အာဏာမှန်သမျှ ဒေါင်ဒေါင်မြည် စိတ်ချရမယ့်သူတွေသာ ရွေးခန့်တာ အစဉ်အလာပါပဲ။

မင်းအောင်လှိုင်ဟာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တဲ့အချိန်ကစလို့ ပြည်တွင်း၊ ပြည်ပရဲ့ ဆန့်ကျင်မှုကို အလူးအလဲခံခဲ့ရသလို အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေရဲ့ ထိရောက်တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုဒဏ်နဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့ အရေးယူမှုဒဏ်မှာ မျက်ဖြူလန်လာတာ အားလုံးမျက်မြင်ပါပဲ။

တိုင်းပြည်စီးပွားရေးကလည်း မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကစလို့ ထိုးဆင်းလာလိုက်တာ အမေရိကန်ပြည်ထောင်စုက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ဇွန် ၂၁ ရက်နေ့က ပိတ်ဆို့ပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ ငရဲသို့ ရောက်တော့မလားလို့ ထင်မှတ်ရပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ မိုးခါးရေကို အဝအပြဲသောက်ခဲ့တဲ့ မင်းအောင်လှိုင်အတွက် နောက်ထပ် မိုးခါးရေသောက်ဖို့ရာ အာရုံသိပ်စိုက်နိုင်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ သူ့တပည့် ဗိုလ်ချုပ်တွေ လာပေးတဲ့ ဆက်ကြေးကိုတော့ မြက်မြက်ကလေး စားမှာတော့ သေချာပါတယ်။ စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကို မအုပ်ချုပ်တတ်ပေမဲ့ အဂတိလိုက်စားရာမှာ ပါရဂူမြောက် ကျွမ်းကျင်ကြသူတွေဖြစ်လို့ ဘယ်နေရာ တာဝန်ယူထားတဲ့ကောင် ဘယ်လောက်တော့ရမှာပဲလို့ ကောင်းကောင်းတွက်ချက်တတ်သလို လာဘ်စားရ သိပ်ကောင်းလှတယ် ဆိုတဲ့ နေရာမျိုးကိုလည်း စိတ်ချရတဲ့ တပည့်အရင်းတွေကိုသာ ထိုးပေးလေ့ရှိပါတယ်။

အခု ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့ မင်းအောင်လှိုင်ခန့် ဒုတိယဗိုလ်ချုပ်ကြီးလို့ ဆိုတဲ့ မိုးမြင့်ထွန်းဟာ မင်းအောင်လှိုင် အင်မတန်ယုံကြည်ရတဲ့ တပည့်ရင်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မြန်မာ့စီးပွားရေး အချက်အချာနေရာတွေဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော်မတီနဲ့ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ကော်မတီတို့မှာ တပည့်ကျော် မိုးမြင့်ထွန်းကို ဥက္ကဋ္ဌ တာဝန် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာတွေဟာ ဘယ်လောက်ထိ အဂတိလိုက်စားလို့ ကောင်းတယ်၊ ငွေအဝင်ကြမ်းတယ် ဆိုတာ မင်းအောင်လှိုင်ရော နေပြည်တော်အာဏာဗဟိုချက်က ဗိုလ်ချုပ်တွေ အကုန်လုံး ကောင်းကောင်းသိကြပါတယ်။ တပည့်ကျော် မိုးမြင့်ထွန်းကလည်း ဆရာ့ခြေရာ ကောင်းကောင်းနင်းနိုင်သူမို့ လာဘ်စားချက်ကလည်း ကြောက်ခမန်းလိလိ၊ ၂ နှစ်တာအတွင်း စီးပွားရေးသမားတွေဆီကနေ လာဘ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရယူခဲ့ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။

မိုးမြင့်ထွန်းနဲ့ တွေ့ဆုံခွင့်ရဖို့ ခုတည်းနဲ့တင် အမေရိကန် ဒေါ်လာ ၂၀,၀၀၀ ဒါမှမဟုတ် အဲဒီပမာဏနဲ့ညီတဲ့ လက်ဆောင်ပေးရကြောင်းနဲ့ မိုးမြင့်ထွန်းက ကန်ဒေါ်လာ ၄,၀၀၀ တန် ကော့ညက်အရက်ကို အင်မတန်ကြိုက်ကြောင်းလည်း ဖော်ပြပါတယ်။ ပြည်သူတွေ စားရမဲ့ သောက်ရမဲ့ ဘဝနဲ့ ဒုက္ခပေါ် ဒုက္ခဆင့်နေချိန်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ အောက်တန်းကျချက်က အဲဒီလိုပါ။

မိုးမြင့်ထွန်းရဲ့ အဲဒီလို ထင်ရာစိုင်းနေတဲ့အပေါ် မင်းအောင်လှိုင် အပြည့်အစုံမသိတောင် အကြမ်းထည်လောက်တော့ သိမှာ သေချာပါတယ်။ ဒီလောက် ငွေအဝင်ကြမ်းနေတဲ့နေရာဆီ အရောက်ပို့ပေးခဲ့တဲ့ ဆရာသမားရဲ့ကျေးဇူးနဲ့ ဒီနေရာကနေ မလွင့်သွားဖို့ မိုးမြင့်ထွန်းက မင်းအောင်လှိုင်ကို ကျေးဇူးတုံ့ပြန်ကာ ဆက်ကြေးပေးနေမှာကလည်း သိပ်သေချာပါတယ်။

ဒါဆို ဘာကြောင့် မိုးမြင့်ထွန်း အဖယ်ရှားခံလိုက်ရပါသလဲ။ မိုးမြင့်ထွန်းကိုသာ မသိချင်ယောင်ဆောင် ဆက်ထားမယ်ဆိုရင် ရမ်းခါနေတဲ့ စီးပွားရေးဟာ အဖတ်ဆယ်မရ ဘဝသို့ သက်ဆင်းတော့မှာဖြစ်ကြောင်း မင်းအောင်လှိုင် နားဝင်အောင် ပြောနိုင်ကြတာကြောင့်လို့ ထင်ရပါတယ်။

ဘယ်သူတွေက မင်းအောင်လှိုင် နားဝင်အောင် ပြောမလဲဆိုတော့ မိုးမြင့်ထွန်းရဲ့ ပြိုင်ဘက် စစ်ဗိုလ်ချုပ်တွေပါပဲ။ မင်းအောင်လှိုင်အောက်က စစ်ဗိုလ်ချုပ်တွေဟာ မင်းအောင်လှိုင်ကို ဘုရားတဆူပမာ ကိုးကွယ်သူနဲ့ ကိုးကွယ်ချင်ယောင်ဆောင်သူတွေချည်း ဖြစ်ပေမဲ့ သူတို့ချင်းကတော့ ပြင်းထန်တဲ့ အကျိုးစီးပွားပဋိပက္ခတွေနဲ့ ဓားလွတ်ကိုင် အပြုတ်တိုက်နေကြတာ စစ်အာဏာရှင်ရပ်ဝန်းကြား အစဉ်အလာတရပ်လိုပါပဲ။

ဒါပေမဲ့ မြန်မာ့မြေပေါ်မှာ စစ်အာဏာရှင်စနစ် တည်ရှိနေမှသာ သူတို့အကျိုးစီးပွားလည်း တည်ရှိမယ်ဆိုတဲ့ ခိုင်မာတဲ့ ဘုံသဘောထားက ပြည်သူကို ထာဝရရန်သူအဖြစ် သိမှတ် စစ်ကြေညာမြဲမို့ ဘယ်သူခွဲခွဲ တို့မကွဲဘူးဆိုတာ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။

အဲဒီလို ဘယ်တော့မှမကွဲတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ခေါင်းကို ရိုက်ခွဲဖို့ရာ နွေဦးတော်လှန်ရေးဟာလည်း ရွပ်ရွပ်ချွံ ရှေ့သို့ချီနေပါတယ်။ သိပ်မကြာတဲ့အချိန် ဒီမိုကရေစီရင်ပြင်မှာ နွေဦးအောင်လံ စိုက်ထူပြီးတဲ့နောက် ဘယ်ဗိုလ်ချုပ်တွေက ဘယ်လောက် မင်းအောင်လှိုင်ကို ဆက်ကြေးပေးခဲ့ရသလဲ ဆိုတာနဲ့ ဒီလောက်ခက်ခဲနေတဲ့ ကာလတွေမှာတောင် စစ်ဗိုလ်ချုပ်တွေ လာဘ်စားမပျက်ဘူးဆိုတာ ကျနော်တို့ ဖော်ထုတ်ကြရမှာဖြစ်သလို စစ်ဗိုလ်ချုပ်တွေရဲ့ မတရားနည်းနဲ့ရထားတဲ့ ငွေ ငါးပြားတစေ့မကျန် ဥပဒေနဲ့အညီ သိမ်းဆည်းရမှာကလည်း သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024