
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ထဲကနေ ကျေးရွာတွေဘက်ကို စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၃ ယောက် ကျည်ထိမှန်ခဲ့ပြီး အဲဒီထဲက ၁ ယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရေဦးမြို့တောင်ဘက်နဲ့ အနောက်ဘက်ကို ပစ်ခတ်တာလို့လည်း ဆိုပါတယ်။
ရေဦးဒေသခံတယောက်က “ပစ်တဲ့ လက်နက်ကြီး အလုံး အရေအတွက်ကတော့ ၁၅ လုံး ထက်မနည်းလောက်ဘူးဗျ။ ရေဦးမြို့တောင်ဘက်ကိုပစ်တဲ့ လက်နက်ကြီးတွေကတော့ ရွာသာလေးရွာထဲလည်းကျတယ်။ နောက်ပြီး မူးသာကုန်းရွာထဲလည်း ကျတယ်ဗျ။ ရွာသာလေးရွာထဲ ကျပေါက်ကွဲတာကတော့ အသက် ၅၀ ကျော် အဖွား ၂ ယောက်ရဲ့ လက်မောင်းတွေ ကျည်အပိုင်းအစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်ဗျ။ မူသာကုန်းရွာ ကျပေါက်ကွဲတာတော့ အသက် ၁၈ နှစ်အရွယ် ကျော်ဇင်ဟိန်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်ဗျ” လို့ ပြောပါတယ်။
ရေဦးမြို့အနောက်ဘက်ကရွာတွေမှာတော့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်း မရသေးပါဘူး။
ဒါ့အပြင် မြေပြင်စစ်ကြောင်းကလည်း ကျေးရွာတွေထဲကို ဝင်ရောက်ရှာဖွေကာ ဒေသခံရွာသားတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးနေတာကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။










