
စစ်ကိုင်းတိုင်း၊ ပုလဲ၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေလည်းဖြစ်လို့ ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ယင်မာပင်ခရိုင်၊ ပုလဲမြိုနယ်၊ ကန်ဒေါင့်ရွာတောင်ဘက်မှာ စက်တင်ဘာ ၂၃ ရက် နေ့ခင်းပိုင်းက တိုက်ပွဲဖြစ်လို့ ဒေသခံအများအပြားတိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။
ဒေသခံတယောက်က “ဒီလအတွင်းကတော့ အိမ်နေရတယ်လို့ကို မရှိပါဘူးဗျာ။ တလလုံး ပြေးလွှားနေရတယ်။ ကြာတော့လည်း လူတွေလည်း အစာအသောက်တွေ ပြတ်ငတ်ပြီး သေကြတော့မယ်။ ဒီနေ့လည်း ကန်ဒေါင့်ရွာရဲ့တောင်ဘက်ကို စစ်ကြောင်းစထိုးလာပြီ ကြားတာနဲ့ ရွာထဲကနေ ထွက်ပြေးနေရတယ်။ သူတို့ထွက်လာပြီး နာရီဝက်လောက် ရောက်တော့ ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲလည်းဖြစ်ကြတယ်။ သူတို့တိုက်ပွဲ ဖြစ်ကြတော့ ကိုယ်တွေလည်း ရွာထဲကနေ ထွက်ပြေးခဲ့ရတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၉ ရက်နေ့က စပြီး စစ်ကြောင်း ၂ ကြောင်းခွဲ စစ်ကြောင်းထိုး ရိက္ခာလုနေပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံ ၁၂,၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပါတယ်။
ကျားသစ်နက်တပ်မတော်အဖွဲ့ရဲ့ တပ်ရင်းမှူးကိုဥက္ကာက “တိုက်ပွဲက နေ့ခင်းက စဖြစ်တာ။ ထိပ်တိုက် တိုက်ပွဲလို့ပြောရမယ်။ ဒီကောင်တွေ ကန်ဒေါင့်ရွာ တောင်ဘက်လမ်းကြောင်းကနေ စစ်ကြောင်းထွက်မယ်လို့ အတွင်းသတင်းပေးက အတိအကျ သတင်းပေးထားတာဆိုတော့ ကျနော်တို့ အကွယ်အကာအခိုင်မာယူပြီး ကြိုတင်စောင့်နေတာ။ သူတို့ထွက်လာပြီး မကြာဘူး၊ ကျနော်တို့ အဖွဲ့တွေနဲ့ တိုက်ပွဲစဖြစ်ကြတော့တာပါပဲဗျာ။ ကိုယ့်ဘက်ကတော့ ရဲဘော်တဦး ခြေသလုံး မစိုးရိမ်ရဒဏ်ရာရရှိသေးတယ်တယ်။ သူတို့ဘက်ကတော့ အထိခိုက်အခြေအနေကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်စပ်ရွာတွေကိုလည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က တန့်ဆည်မြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် သေဆုံးတာကို မကျေနပ်လို့ အခုလို စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့ကို စစ်အင်အားပြန်ဖြည့်ဖို့ ရေဦးမြို့နယ်က အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းထွက်လာသလို ကန့်ဘလူမြို့နယ်၊ ထန်းကုန်းဘက်ကနေ ကာဘိုးဘက်ကို ကားကြီး ၄ စီးနဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းလည်းထွက်နေပါတယ်။
အဲဒီစစ်ကြောင်းဟာ ကာဘိုးဘက်ကနေ တန့်ဆည်အရှေ့ခြမ်း အက်တော၊ သဲကုန်းဘက်ကို ဝင်ရောက်လာချိန်မှာ ကာကွယ်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ဘက်က လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
ရေဦးမြို့နယ်အခြေပြု People's Defense Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က “အဲဒီလေကြောင်းပစ်ခတ်မှုမှာ ကလေးငယ်တဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးလောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်ဗျ။ စက်တင်ဘာ ၂၃ ရက်နေ့ကျတော့ တန့်ဆည်အရှေ့ခြမ်း ငတန်းရွာဘက်ကနေ တောင်ဘက်ခြမ်း ရွာတွေဘက်ကို ထွက်လာတယ်။ ရွှေတံကျေးရွာ အရှေ့ဘက်မှာ စစ်ရှောင်နေတဲ့ အသက် ၅၀ အရွယ် အပြစ်မဲ့ပြည်သူတဦးကိုလည်း ပစ်သတ်ထားခဲ့ကြတယ်။ အဲလို စစ်ကြောင်းထိုးလို့ တန့်ဆည်အရှေ့ခြမ်းက ဒေသခံတွေကတော့ စစ်ဘေးရှောင် နေရတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်း ၂ ခုလုံးဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ ရေဦးနယ်မြောက်ဘက်ခြမ်းနဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်းကို ရောက်နေပြီး ရေဦးနယ်မြောက်ဘက်ခြမ်းက ကန်ပေါက်၊ ပန်းကုံး၊ ဖလံဂုဏ်၊ ဗိုလ်ရုံ၊ ဆပ်သေ၊ အင်တော၊ လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ စတဲ့ ကျေးရွာဒေသခံတွေ ထွက်ပြေးနေကြရသလို တန့်ဆည်နယ်တောင်ဘက်ခြမ်းက ရွှေတံကျေး၊ ခပေါင်းကြိုင်၊ ချောင်းရိုး၊ ဖန်းခါးဇင်၊ စိမ်းစား၊ ဒယ်ရောက်၊ အောင်သာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေပြီး လတ်တလောမှာ ရာသီတုပ်ကွေးနဲ့ နေမကောင်းတာ၊ ဖျားနာတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။











