DVB Logo
Home
မြန်မာသတင်း
ဆရာမ အသတ်ခံရမှု အဓိက သံသယရှိသူ ၁ ဦး အေအေလက်ထဲက ထွက်ပြေး
DVB
·
September 24, 2023
ဆရာမ အသတ်ခံရမှု အဓိက သံသယရှိသူ ၁ ဦး အေအေလက်ထဲက ထွက်ပြေး
Donate to DVB

ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ကျေးရွာက အလယ်တန်းပြ ဆရာမတယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သံသယရှိသူ ၂ ယောက်ထဲက တယောက်ဟာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

အသက် ၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်ဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ သူရဲ့ ပေါက်တောကျေးရွာကနေ တာဝန်ကျနေတဲ့ ပန်းဖော်ပြင်ကျေးရွာကို စာပြဖို့သွားနေတုန်း လမ်းခုလတ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလူသတ်မှုမှာ အဓိက သံသယရှိ ၂ ယောက်နဲ့ ဆက်စပ်သူ ၁ ယောက်ကို အေအေက စစ်ဆေးနေတုန်းမှာပဲ ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့ဝင်တွေရဲ့ ပေါ့ဆမှုတွေကြောင့် အဓိက သံသယရှိသူ ၂ ယောက်ထဲက ၁ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သူရဲ့ Telegram စာမျက်နှာမှာ စက်တင်ဘာ ၂၃ ရက်နေ့က ရေးသားအသိပေးထားပါတယ်။

“၁၇၊ ၉၊ ၂၀၂၃ နေ့မှစပြီး အဓိက သံသယရှိသူ ၂ ဦးနှင့် ဆက်စပ်သံသယရှိသူ ၁ ဦးကို စစ်ဆေးလျက်ရှိတယ်။ စစ်ဆေးနေစဉ်အတွင်း တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ​၏ သတိပေါ့ဆမှုကြောင့် အဓိကသံသယရှိသူ ၂ ဦးထဲမှ မောင်မောင်အေးဆိုသူဟာ ၁၉၊ ၉၊ ၂၀၂၃ နေ့ ည ၉ နာရီခွဲခန့်တွင် ထွက်ပြေးလွတ်မြောက်သွားတယ်။ အဆိုပါ ထွက်ပြေးလွတ်မြောက်နေသည့် အဓိကသံသယရှိသူ မောင်မောင်အေးအား ပြန်လည် ဖမ်းဆီးရမိရေးနှင့် တရားခံအစစ်အမှန်ပေါ်ပေါက်ရေးအတွက် မိမိတို့ ULA/AA အနေဖြင့် အစွမ်းကုန်ဆက်လက်ကြိုးပမ်းလျက်ရှိပါတယ်” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အသတ်ခံရသူဆရာမနှင်းယုနွယ်အလောင်းကို မျက်မြင်စတင်တွေ့ရှိခဲ့တဲ့ သက်သေ ၆ ယောက်ကိုလည်း ခေါ်ယူမေးမြန်းစစ်ဆေးနေတယ်လို့ ဦးခိုင်သုခက ဆိုထားပါတယ်။

အသတ်ခံရတဲ့ ဆရာမ ဒေါ်နှင်းယုနွယ်နဲ့ တစ်ရွာတည်းသားဖြစ်တဲ့ မောင်မောင်အေးဟာ အမ်းမြို့နယ်မှာ အိမ်ထောင်ကျနေသူဖြစ်ပြီး စက်တင်ဘာလအတွင်းမှာ ရွာကို ရောက်နေတာလို့ ကျေးရွာသားတွေက ပြောကြပါတယ်။

ရက္ခိုင့်တပ်တော်လက်က သံသယရှိသူထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

အဓိက သံသယတရားခံလွတ်မြောက်သွားတာဟာ လုံးဝလက်ခံနိုင်စရာမရှိဘဲ တရားခံအမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်လို့ ဆရာမရဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အဓိက တရားခံ တဦးဟာ အေအေ လက်ထဲက လွတ်မြောက်သွားတယ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ မိသားစုဝင်တွေကတော့ ဘယ်သူကိုမှ အပြစ်မပြော ကြတော့ဘူး။ ပြစ်မှုကျူးလွန်တဲ့ တရားခံကိုပဲ အမြန်ဆုံး ဖော်ထုတ်ပေးစေချင်နေတယ်” လို့ ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ မောင်မောင်အေးဟာ အရင်က ULA/AA အတွက် ရံပုံငွေရှာပေးရေးနဲ့ ထောက်ပံ့ရေးတွေလုပ်ရတဲ့အထဲမှာ ပါတဲ့သူတယောက် ဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အဓိက သံယရှိသူတယောက်လွတ်မြောက်သွားတယ်ဆိုတာဟာ ဆရာမတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးမယ်သူ မရှိသလို ဖြစ်သွားတယ်လို့ ရသေ့တောင်မြို့နယ်က ဆရာမတယောက်က ပြောပါတယ်။

“ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုမှာ အဓိကသံသယရှိတဦး အေအေ လက်ထဲက လွတ်မြောက်သွားတယ်ဆိုတာက ဆရာ ဆရာမတွေကို တိုက်ရိုက်စော်ကားလိုက်သလို ခံစားရတယ်။ ဆရာ ဆရာမတွေက ဘာအကာကွယ်မှမပါဘဲ နေ့စဉ်နေ့တိုင်း ကလေးတွေစာသင်ဖို့သွားနေကြရတာ။ အခုလိ‌ု သံသယရှိသူတဦးတောင် လွယ်လွယ်နဲ့ လွတ်မြောက်သွားရင် ဆရာ ဆရာမ တွေရဲ့ အသက်အန္တရာယ်လည်း ကာကွယ်ပေးမယ့်သူ မရှိဘူးဆိုတာ ပြသလိုက်သလိုဖြစ်နေတယ်” လို့ ပြောပါတယ်။

 ဆရာမ ဒေါ်နှင်းယုနွယ်ဟာ  စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက သူရဲ့ရွာကနေ့ စာပြရန်သွားတုန်း လည်ပင်းကို လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာနဲ့ အသတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းမှာ မြေမြှုပ်သင်္ဂြိုလ်လိုက်​တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013