
ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင် ဘန်လမွန်းမြို့ရှိ မူကြိုကလေးထိန်းကျောင်းထဲမှာ ဇနီးဖြစ်သူ ဆရာမကို ဝင်ရောက်ပစ်သတ်ပြီး ပုန်းရှောင်နေတဲ့ ထိုင်းရဲအရာရှိဟာ ဒီကနေ့မနက်မှာတော့ လက်နက်ချ အဖမ်း ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘန်လမွန်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ ထတ်ဆဖုန်း ထောင်းထတ် ခေါ် မွတ်အို (၅၅ နှစ်) ဟာ ဇနီးဖြစ်သူ မူကြိုကျောင်းဆရာမ နန်းဖိုင်းလင်း ခေါ် ခူးပေါ့တ် (၄၈ နှစ်) ကို စက်တင်ဘာ ၉ ရက် မနက်က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး အဲဒီကျောင်းနဲ့ ၃ ကီလိုအကွာရှိ သူတို့အိမ်ထဲမှာ ပုန်းခို နေခဲ့ပါတယ်။
ရဲတပ်ဖွဲ့ အင်အား ၅၀ လောက်ဟာ အဆိုပါအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး အသာတကြည် လက်နက်ချဖို့၊ ရန်မူမှာမဟုတ်ဘူးလို့ တညလုံး ဖျောင်းဖျခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၅ နာရီလောက်မှာတော့ ထိုင်းတောင်ပိုင်း တာဝန်ကျနေတဲ့ သားဖြစ်သူကိုယ်တိုင် ရောက်ရှိ လာတယ်။ သူဟာ ယမန်နေ့ညက အဖေဖြစ်သူကို ဖုန်းထဲကနေ ပြောဆိုဖျောင်းဖျတာ မရတာကြောင့် လူကိုယ်တိုင်အရောက်လာခဲ့ခြင်းဖြစ်တယ်။ အဖေ့ဆီ ဝင်သွားဖို့ ခွင့်တောင်းတယ်။ တာဝန်ရှိသူတွေ ကလည်း လုံခြုံရေးအပြည့်ယူပြီး သားအဖနှစ်ယောက် တဝက်စီ လမ်းလျှောက် လာကာ တွေ့ဆုံဖို့ နေရာသတ်မှတ်ပေးခဲ့တယ်။ သားအဖ နှစ်ယောက် မိနစ် ၃၀ ကြာ ဆွေးနွေး ညှိနှိုင်းအပြီးမှာတော့ ဒီကနေ့ မနက် ၆ နာရီ မိနစ် ၂၀ ချိန်မှာ သေနတ်သမားဟာ အလွန်စိတ်ဖိစီးပြီး နွမ်းနယ်နေတဲ့ အနေအထားနဲ့ တာဝန်ရှိသူတွေထံ လမ်းလျှောက်လာပြီး အဖမ်းခံလိုက်ပါတယ်။ ပြစ်မှုကျူးလွန်စဉ် သုံးခဲ့တဲ့ သေနတ်တော့ ပါမလာဘဲ သူဝှက်ထားတဲ့နေရာကိုသာ ပြောပြခဲ့ပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ဘန်လမွန်းရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ပစ်ခတ်မှုလုပ်ရတဲ့ အကြောင်း ရင်းကို စစ်ဆေးမေးမြန်းလျက်ရှိတယ်၊ အဲဒီအိမ်အနီးနားဝန်းကျင်မှာတော့ အခြေအနေ ပုံမှန်ငြိမ်သက်သွားပြီး လုံခြုံမှုရှိသွားပြီလို့ ဆိုပါတယ် ။
သေနတ်သမားရဲ့ သားဖြစ်သူ တပ်ကြပ်ကြီး ရတ့်ချ်ဒါး ခေါ် ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၄ ရက်ကမှ ချစ်သူနဲ့ မင်္ဂလာဆောင်ခဲ့ပြီး ခုလို အဖြစ်ဆိုးနဲ့ ကြုံရတာဖြစ်ပါတယ်။
Source - MGROnline / Daily News











