Home
ဆောင်းပါး
အော်စလိုမြို့ပေါ်က စာအုပ်ဆိုင်များ၊ သေချင်စရာကောင်းလောက်အောင်လှသော သင်္ချိုင်းကုန်းများ
DVB
·
September 24, 2023
NyeWai_24092023

ဗဟိုတရားရုံးရှေ့က ဘတ်စ်ကားထွက်လာသောအခါ ကျနော့်မှာ တရားရုံးရှေ့က လူအုပ်ကို လိုက်ကြည့်နေမိဆဲ။ ကားရဲ့ပြတင်းများ ပိတ်ထားသဖြင့် ကောင်းကောင်းမကြည့်ခဲ့ရ။

“မနက်ဖြန် လိင်တူချင်း မင်္ဂလာဆောင်ပွဲ ဗဟိုတရားရုံးမှာ ကျင်းပဖို့ရှိတယ်ဗျ”

မနေ့က မိတ်‌ဆွေတယောက် ပြောခဲ့သောစကားပါ။ နော်ဝေးနိုင်ငံမှာ ထိုနှစ်က လိင်တူချင်း တရားဝင်လက်ထပ်ခွင့်ဥပဒေ ပြဋ္ဌာန်းသောနှစ် ဖြစ်သည်။ (၁၉၉၅)

ကျနော်က ဗဟိုတရားရုံးရှေ့ ကွက်လပ်တွင် ဝတ်ကောင်းစားလှ ဝတ်ထားကြသော လူအုပ်မှာ လိင်တူချင်း လက်ထပ်ပွဲ တက်ရောက်သူများဖြစ်သည်ကို သိနေသည်။ ဘတ်စ်ကားပေါ်က လူအချို့လည်း လှမ်းကြည့်ကြသည်ကို တွေ့ရ၏။

အနည်းငယ်လွန်လာသည့်အခါ ပန်းခြံတခုရှေ့တွင် ဘတ်စ်ကားရပ်သည်။ ပန်းခြံထဲဝင်သွားသော လမ်းမှာ ကွေ့ကာကောက်ကာ လှနေသည်။ စုံတွဲတချို့ ပန်းခြံထဲ လမ်းလျှောက်‌နေကြ၏။

ပန်းခြံထဲ ရောင်စုံပန်းများ ဖူးပွင့်နေသည်။ နွေဦးကာလမို့ ပန်းပွင့်များ သူ့ထက်ငါ အလုအယက် ပွင့်လာကြသည်ဟု ထင်မိသည်။ ဖောက်ထားသည့်လမ်းမှာ တလမ်းတည်းမဟုတ်။ လမ်းတိုလမ်းဖြတ်များလည်း ရှိသည်။ လူအချို့ ပန်းခြံထဲ လမ်းလျှောက်နေကြသည်။

အမှန်စင်စစ် ကျနော်ကထင်နေသော ပန်းခြံမှာ ပန်းခြံမဟုတ်ပါ။ သင်္ချိုင်းကုန်းတခုသာ ဖြစ်၏။ အင်မတန် လှပသန့်ရှင်းသည့်အတွက် ကျနော်က သင်္ချိုင်းကုန်းကို ပန်းခြံဟု ထင်နေခဲ့ခြင်းသာ ဖြစ်သည်။ အိမ်နှင့်လည်း သိပ်မဝေးလှသဖြင့် လမ်းဝင်လျှောက်မည်ရှိစဉ် ပန်းခြံမဟုတ်ဘဲ သင်္ချိုင်းကုန်းတခုသာ ဖြစ်သည်ကို အတူနေမိတ်ဆွေပြောပြမှ သိလိုက်ရ၏။ ကျနော့်မှာ ပါးစပ်အဟောင်းသားဖြစ်ကာ “အောင်မယ်လေး သေချင်စရာကောင်းလောက်အောင်လှတဲ့ သင်္ချိုင်းကုန်းပါဗျ” ဟုပင် အပြောင်အပျက် ပြောခဲ့ရ၏။

(၂)

အမှန်စင်စစ် အော်စလိုမြို့တွင် ကျနော့်အဖို့ အံ့ဩစရာနေရာတွေ အများကြီးရှိပါသည်။ သို့သော် ကျနော်က စာအုပ်ဆိုင်များကို ပိုပြီးသဘောကျ၏။ ပိုပြီးနှစ်သက်သည်။ ပိုပြီးစိတ်ဝင်စား၏။

ဥပမာ အော်စလိုမြို့က စာအုပ်ဆိုင်နှစ်ဆိုင်ကို ကျနော် အထူးနှစ်သက်၏။ တဆိုင်မှာ အမျိုးသားပြတိုက်ကြီးနှင့် မျက်စောင်းထိုး လမ်းဘေးပလက်ဖောင်းနှင့်ကပ်လျက် စာအုပ်အဟောင်းဆိုင် ဖြစ်သည်။

နောက်တဆိုင်မှာ လက်ဝဲ(ကွန်မြူနစ်နှင့် ဆိုရှယ်လစ်) စာအုပ်များချည်း ရောင်းသော စာအုပ်ဆိုင်ဖြစ်သည်။ သည်ဆိုင်က ကျနော်အလုပ်လုပ်ကိုင်သော စိန့်အိုလပ်စ်ပလပ်လမ်း အသံလွှင့်ဌာနရုံးနှင့် ဘတ်စ်ကား သုံးမှတ်တိုင်သာ ဝေး၏။ သည်ဆိုင်ကိုတော့ အသံလွှင့်ဌာနက လုပ်ဖော်ကိုင်ဘက်ရဲဘော်ကြီး (ကို)ဒေါင်းညို (ဒေါက်တာမောင်မောင်မြင့်) ကျေးဇူးကြောင့် သိလာရခြင်းဖြစ်သည်။ တနေ့တွင် (ကျနော့်အပေါ် ဘယ်လိုလူဟု ယူဆထားသည်မသိ) ကိုဒေါင်းညိုက ယင်းလက်ဝဲဆိုင်သို့ ကျနော့်ကို တကူးတကန့် လမ်းပြခေါ်ဆောင်ပြီး မိတ်ဆက်ပေး၏။ မည်သို့ပင်ဖြစ်စေ ကျနော် ပျော်ရွှင်သွားရ၏။ ‌သူ့ကို ကျေးဇူးလည်း တင်ခဲ့၏။ နောင်အခါ သည်စာအုပ်ဆိုင်သို့ မကြာခဏ ရောက်ဖြစ်နေတော့၏။

ကိုဒေါင်းညို မိတ်ဆက်ပေးသော ထိုလက်ဝဲစာအုပ်ဆိုင်မှာ တကယ်လည်း လက်ဝဲစာအုပ်များချည်း စင်တင်ရောင်းချသော စာအုပ်ဆိုင်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် တခြားစာအုပ်များ တအုပ်မျှပင် မတွေ့မမြင်ခဲ့ရပါ။ စာအုပ်အဟောင်းများ မပါပါ။ အားလုံး ထုတ်ဝေပြီးစ စာအုပ်များသာ များသည်။ လက်တင်အမေရိကက ချေဂွေဗားရားအစ ကားလ်မတ်၏ ကွန်မြူနစ်‌ကြေညာစာတမ်းအဆုံး ဖြစ်သည်။ မော်စီတုံးရဲ့ လက်တွေ့နှင့် ပဋိပက္ခကျမ်း၊ ဆိုဗီယက်ရုရှား ကွန်မြူနစ်ပါတီသမိုင်း (ဗော်လ်ရှီဗစ်) များကအစ တွေ့ရ၏။ ကျနော် အံ့ဩ သဘောကျနေခဲ့ရ၏။ အနုပဋိလောမ ရုပ်ဝါဒဆိုင်ရာ စာအုပ်များလည်း တွေ့ရ၏။ ကားလ်မတ်၏ အရင်းကျမ်းလည် ရှိ၏။ အများစုမှာ ကြားတောင်မကြားဘူးသေး။ ကြားဖူးသော်လည်း မဖတ်တတ်သည့်စာအုပ်များကလည်း ဒုနှင့်ဒေး။

ယင်းစာအုပ်ဆိုင်ကိုရောက်တိုင်း သတိထားမိသည့်အချက်မှာ သည်ဆိုင်သို့ အသက် ငါးဆယ်နှင့် အထက် လူကြီးပိုင်းများသာ ရောက်လာလေ့ရှိပြီး လူငယ်ပိုင်း မတွေ့ရသလောက်ပင်ဖြစ်သည်။

တဆက်တည်းပြောရလျှင် နော်ဝေတွင် ကွန်မြူနစ်ပါတီ တရားဝင်ရှိ၏။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကာရိုဟန်လမ်းမကြီးပေါ် ကျနော်ရောက်သည်။ ပါလီမန် အဆောက်အဦနှင့် မနီးမဝေး လမ်းဘေးတနေရာတွင် ယာယီရွက်ဖျင်တဲကလေးဘေး အသက် ငါးဆယ်ကျော်ခန့် လူတယောက် ထိုင်နေ၏။ ရွက်ဖျင်တဲထိပ်တွင် နော်ဝေကွန်မြူနစ်ပါတီကို နော်ဝေလို ထင်ထင်ရှားရှား ရေးတင်ထား၏။ ထိုင်နေသောလူမှာ ဝါဒဖြန့်ချိရေး စာရွက်စာတမ်းများ လာဝေနေခြင်းဖြစ်သည်ဟု သိခဲ့ရ၏။

ကျနော် စိတ်ဝင်စားသည့် နောက်ထပ် စာအုပ်ဆိုင်တဆိုင် ရှိပါသေးသည်။ ထိုဆိုင်အကြောင်းကိုတော့ စာရှည်မည်၊ စာလေးမည်ဖြစ်သဖြင့် နောက်မှပဲ မိတ်ဆက်ပေးပါမည်ခင်ဗျား။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024