
ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ သံလွင်မြစ်တလျှောက်ဖမ်းဆီးရမိတဲ့ စိတ်ကြွမူးယစ်ဆေး မက်သာဖက်တမင်း ဆေးပြား ၁၀ သန်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ကာလတန်ဖိုး ဘတ်ငွေ ၄၉၆ သန်းဖိုးလောက်ရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြား စုစုပေါင်း ၉ ဒသမ ၉၃ သန်းကို မေ ၇ ရက်က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးရန်း မြို့နယ်မှာရှိတဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ တဖက်တချက်မှာရှိတဲ့ ကရင်ပြည်နယ်၊ မူတြော်ခရိုင် (ဖာပွန်) မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။
မူးယစ်ဆေး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို KNU က တာဝန်ရှိသူတွေ၊ ဒေသန္တရ အုပ်ချုပ်ရေးမှူး တွေနဲ့ ထိုင်းဘက်က လုံခြုံရေးအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ ဒီနှစ်ဆန်းပိုင်းက ဖမ်းဆီးရခဲ့တာဖြစ်ပြီး KNU အနေနဲ့ နှိမ်နင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပေမဲ့ ကရင်ပြည်နယ်အတွင်း မကြာသေးခင်နှစ်တွေက မူးယစ်ဆေး မှောင်ခိုတွေ ပိုမို များပြားလာတယ်လို့ KNU ကပြောပါတယ်။
ဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်၊ အထူးသဖြင့် ကိုးကန့်နဲ့ ‘ဝ’ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ထုတ်လုပ်တာဖြစ်ပြီး ကရင်နဲ့ ကရင်နီပြည်နယ်တွေဆီကို ဖြတ်ကျော် သယ်ဆောင် လာာတာ ဖြစ်တယ်လို့ KNU တာဝန်ရှိသူတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခို မပို့ခင် မြဝတီကို ပို့ဆောင်ဖို့ အဓိက လမ်းကြောင်းတခုအနေနဲ့ သံလွင်မြစ်ကို အသုံးပြုနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မူတြော်ခရိုင်တွဲဖက် အတွင်းရေးမှူး ပဒိုစောကလိုထူးပဒိုစောကလိုထူးကလည်း ကရင်ပြည်နယ်မှာ မူးယစ်ဆေးထုတ်လုပ်တာ မရှိကြောင်းနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအကြောင်းပြပြီး စစ်ဆင်ရေး လုပ်ဖို့ အသုံးချခံရမှာကို စိုးရိမ်ကြောင်းပြောပါတယ်။
ပဒိုစောကလိုထူးက “ဒီဆေးတွေအားလုံးဟာ မြန်မာနိုင်ငံထဲမှာ ထုတ်လုပ်ပြီး ကျနော်တို့ နယ်မြေကို ဖြတ်ကျော်သွားတာပါ။ ဒီမှာ ထုတ်လုပ်တာ ဒါမှမဟုတ် သုံးစွဲတာမျိုး မရှိပါဘူး။ ဒီဆေးဝါးတွေဟာ ကရင်ပြည်သူလူထုကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့အတွက် ဒါမှမဟုတ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ စစ်ဆင်ရေးတွေ လုပ်ဖို့အတွက် အသုံးချခံရမှာကို ကျနော်တို့ စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။
ဒီမူးယစ်ဆေးဝါးတွေဟာ ဒီနှစ်ဆန်းပိုင်းက အကြီးအကျယ် ဖမ်းဆီးရခဲ့တာဖြစ်ပြီး KNU အနေနဲ့ နှိမ်နင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပေမဲ့ ကရင်ပြည်နယ်အတွင်း မကြာသေးခင်နှစ်တွေက မူးယစ်ဆေးမှောင်ခိုတွေ ပိုမို များပြားလာတဲ့အတွက် ထိုင်းနဲ့ ကရင်အာဏာပိုင်တွေအကြား ပိုမို နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့က သံလွင်မြစ်တလျှောက်မှာ ဒီမူးယစ်ဆေးဝါးတွေကို ကြားဖြတ် ဖမ်းဆီးရမိ ခဲ့တာလို့ မူတြော်ခရိုင် နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဗိုလ်ကြီး စောဘူဂေထူးက ဆိုပါတယ်။
ဒီဆေးပြားတွေကို ဆီပုံးတွေထဲ သယ်ဆောင်လာတာဖြစ်ပြီး ဆီပုံးတပုံးကို မူးယစ်ဆေးထုပ် ၁၃ ထုပ် ကနေ ၁၅ ထုပ်အထိ ထည့်သွင်း သယ်ဆောင်လာကြတာလို့ သိရပါတယ်။ သယ်ဆောင်လာသူ ၃ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ကြီး စောဘူဂေထူးက “ဒီဖမ်းဆီးခံခဲ့ရသူတွေကို စစ်ဆေးတော့ ဒီဆေးတွေကို ရှမ်းပြည်နယ်မှာ ထုတ်လုပ်ခဲ့တာလို့ ကျနော်တို့ကို ပြောပြခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။
နောက်ထပ် မူးယစ်ဆေးဝါးတွေကို ကရင်-ထိုင်း နယ်စပ်နေရာတွေကို ခိုးသွင်းနေပြီး ဖမ်းဆီး မခံရအောင် တောထဲမှာ ဝှက်ထားကြောင်းလည်း သတင်းရရှိထားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် KNU အနေနဲ့ ကင်းလှည့်နေတာကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပြီး မူးယစ်မှောင်ခို လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ မသင်္ကာစရာ တွေ့ရှိရင်လည်း အကြောင်းကြားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မယ်ဟောင်ဆောင်ခရိုင် မယ်ဆမ်လက်ကျေးရွာအုပ်စု စီမံခန့်ခွဲရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ပွန်ပီပတ်ကတော့ မယ်ဆမ်လက် ဒေသဟာ နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း တည်ရှိပြီး ဒီလို နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတလျှောက်မှာရှိနေတဲ့ နေရာအနေအထားကြောင့် မူးယစ်ဆေးဝါး မှောင်ခိုမှုအတွက် စိုးရိမ်ရတဲ့ နေရာဖြစ်တယ်လို့ ပြောတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အမှုဆောင်အရာရှိချုပ် ပွန်ပီပတ်က “ဒါဟာ သံလွင်မြစ်ကြောင်းတလျှောက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို နောက်ထပ် အဓိက ဖမ်းဆီးရမိမှုတခု ဖြစ်ပါတယ်။ ဒေသန္တရအာဏာပိုင်တွေ အနေနဲ့ ဖမ်းဆီးအရေးယူမှုကို တိုက်ရိုက် ကိုင်တွယ်တာမျိုး မဟုတ်ပေမဲ့ နှစ်ဖက်စလုံးက လုံခြုံရေး အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ သတင်းအချက်အလက် မျှဝေတာတွေမှာတော့ ကျတော်တို့က အခန်းကဏ္ဍတခုကနေ ပါဝင်ဆောင်ရွက်ပါတယ်” လို့ပြောပါတယ်။
ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေရဲ့ အဆိုအရ မူးယစ်ဆေး မှောင်ခိုကူးတဲ့ ကွန်ရက်တွေဟာ ကိုးကန့်နဲ့ ‘ဝ’ နယ်မြေတွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မူးယစ်ဆေး ထုတ်လုပ်ရေး ဗဟိုချက် နေရာတွေကနေ မက်သာဖက်တမင်း ဆေးပြားတွေကို ထိုင်းနိုင်ငံအတွင်း မြဝတီကတဆင့် ဖြန့်ဖြူးပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအနေနဲ့ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တွေကို ပိုမိုအသုံးပြုလာကြတယ်လို့ သိရပါတယ်။
ထိုင်းနယ်စပ် လုံခြုံရေး အရာရှိတယောက်က “အနည်းဆုံး ၂ ကြိမ်ထက်မနည်း အကြီးအကျယ် ဖမ်းဆီး ရမိခဲ့ဖူးပါတယ်၊ နခွန်စဝမ်မှာ ဆေးပြား ၆ သန်းကို ဖမ်းဆီးရမိခဲ့ပြီး နောက်တကြိမ်ကတော့ ကရင်ပြည်နယ်၊ တပ်မဟာ (၇) နယ်မြေထဲမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အထူးသဖြင့် ကိုးကန့်နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့တွေဟာ ဖယ်ရှားခံရပြီးနောက် နေရပ်စွန့်ခွာရပြီး မြဝတီကို ပြောင်းရွှေ့အခြေစိုက်လာပြီးတော့ သူတို့ရဲ့ မှောင်ခိုကူးလမ်းကြောင်းတွေကို အခုလို ပြောင်းလဲခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနဲ့ ကရင်ပြည်နယ်က အာဏာပိုင်တွေဟာ ဒေသတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြင့်တက် လာတာ ကို တားဆီးဖို့ ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး မှောင်ခိုရောင်းချမှု ကွန်ရက်တွေဟာ အခြေအနေနဲ့အညီ လျင်မြန်စွာ ပြုပြင် ပြောင်းလဲနေကြပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ချဲ့ထွင်လာနေတယ်လို့လည်း သတိပေးထား ကြပါတယ်။
မြတ်သဇင်










