DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်
DVB
·
September 23, 2023
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်
Donate to DVB

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ရရှိနေတဲ့ စုစုပေါင်းဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်ရမယ်လို့ စစ်ကောင်စီက အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ အခွန်အကောက် ဥပဒေကို စက်တင်ဘာ ၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကနေ ကြေညာလိုက်ပါတယ်။

အခွန်အကောက် ဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က စက်တင်ဘာ ၁၂ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ပြင်ဆင်လိုက်တာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၄ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာထဲကနေ ဝင်ငွေခွန်ဖြတ်တောက်ပြီး နိုင်ငံခြားငွရရှိအောင် ကြိုးပမ်းတာက အလုပ်သမားတွေအတွက် အခက်အခဲတွေ အများကြီး ဖြစ်စေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

Labour Rights Foundation တာဝန်ရှိသူ ဦးအောင်ကျော်က "လက်ရှိ စစ်ကောင်စီက တိုင်းတပါးမှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်နေတဲ့ အလုပ်သမားတွေဘဝကို မညှာတာဘဲ အလုပ်သမားတွေရဲ့ အခက်အခဲ ဘဝတွေကို ကူညီစောင့်ရှောက်တာကျ ဘာတခုမှ မလုပ်ခဲ့ဘဲ သူတွေရဲ့ လုပ်အားခတွေကို ရယူဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး လုံးဝ သဘောမတူဘူး။ လုံးဝ ပေးစရာမလိုဘူးလို့ ကျယ်ကျယ်လောင်လောင် မြေပြင်မှာ ထွက်ပေါ်ပြီးတဲ့အခါ အခုတခါ ထပ်မံပြီးမှ ဝင်ငွေဆိုပြီး ထပ်ကောက်တယ်။ ပြီးရင် ခြိန်းခြောက်မှုတွေ ဥပမာ- အမ်အိုယူ အလုပ်သမားတွေဆိုရင် သက်ဆိုင်ရာ အေဂျင်စီကတဆင့် မရရအောင် ဖိအားပေး ဝင်ငွေကောက်တာမျိုးတို့၊ နောက်တခါ စာအုပ်တွေ သက်တမ်းတိုးတဲ့အခါ အရေးယူမှာမျိုးတို့၊ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ် ပိတ်တာမျိုးတို့၊ ပြောချင်တာကတော့ အလုပ်သမားတွေက လက်ရှိ ဖြစ်ပေါ်နေတဲ့ ပကတိကို စီရင် သုံးသပ်နိုင်တဲ့အတွက် ဒီကိစ္စက ဘယ်လောက် ဖိအားပေးပေး အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင်သုံးသပ်မိပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ ကြေညာချက်အရဆိုရင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာဝင်ငွေကို သက်သာခွင့်တွေ နုတ်ပယ်ပြီး ပြည်တွင်းက ဝင်ငွေခွန် နှုန်းထားအတိုင်း ကောက်ခံမှာဖြစ်ပါတယ်။ နောက်တနည်းက သက်သာခွင့်တွေ မနုတ်ဘူးဆိုရင် ၂ ရာခိုင်နှုန်းနဲ့ တွက်ချက် ဝင်ငွေခွန် စည်းကြပ်ကောက်မှာဖြစ်ပြီး အခွန်ဆောင်တဲ့အချိန် နိုင်ငံခြားငွေအတိုင်း ပေးဆောင်ရမယ်လို့လည်း ဆိုပါတယ်။

လစာဝင်ငွေ နည်းပါးတာကြောင့် စစ်ကောင်စီကို အခွန်ပေးဆောင်ရမယ်ဆိုရင် နေထိုင်စားသောက်စရိတ်နဲ့ မိသားစုကို ထောက်ပံ့ရတဲ့ ငွေတွေ ပိုလျော့သွားနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား တယောက်က ပြောပါတယ်။

"ပြည်တွင်းမှာရှိတဲ့ လုပ်အားခ ခေါင်းပုံဖြတ်ရုံတင် မကဘူး၊ ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာပါ ထိန်းချုပ်ချင်တဲ့သဘောပေါ့။ အဓိက အခက်အခဲဖြစ်သွားတာတော့ တချို့ဆို အိမ်ပြန်ပို့ရတာ ရှိတယ်။ အကြွေးနဲ့ လာရတာရှိတယ်။ အကြွေးနဲ့လာတဲ့လူတွေဆို အကြွေးဆပ်ရတာတမျိုး၊ အိမ်ပေးရတာ တမျိုး၊ ကိုယ့်နေထိုင် စားသောက်စရိတ်အတွက် ဖယ်ရတာတမျိုးဆိုတော့ အရာအားလုံးကတော့ ကျပ်ကျပ်တည်းတည်း ရင်ဆိုင်ရမယ့်သဘော ဖြစ်နေတာပေါ့။"

ဒါ့အပြင် အခုလို ဝင်ငွေခွန် စည်းကြပ်ကောက်တာက လူထုသဘောထား ဆန္ဒ မပါတဲ့အတွက် ပြည်ပရောက် မြန်မာ အလုပ်သမားတွေ ဆန့်ကျင်လာကြလိမ့်မယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။

"သူတို့က အခွံပဲ ကျန်တော့တာမို့ အခွန်တွေကို အရမ်းကာရော မထောက်မထား ကောက်စားနေတာ ဆန်းတော့ မဆန်းဘူး။ ဒါပေမဲ့ ဆန်းတာက ဥပဒေတရပ်ကို စနစ်တကျ ပြင်ဆင်ပြုစုတာ၊ လူထုသဘောထားကို စစ်တမ်း ကောက်ယူတာတို့၊ နိုင်ငံတကာ အသိုက်အဝန်းဆီကနေ ဘာတွေ ပြောဆိုကြမလဲ ဆန်းစစ်ဝေဖန်တာ တခုမှ မလုပ်ဘဲ ပရမ်းပတာ ငါတကော ကောတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ မသိမသာ ဆန့်ကျင်မှုတွေရော သိသိသာသာ ဆန့်ကျင်မှုတွေပါ ရင်ဆိုင်ကြုံတွေ့နိုင်တယ်။”

စစ်ကောင်စီက ပြီးခဲ့တဲ့လအတွင်းကလည်း ပြည်ပရောက် မြန်မာလုပ်သားတွေကို သူတို့ရရှိတဲ့ လစာ ဝင်ငွေထဲကနေ ၃ လတကြိမ် ဒါမှမဟုတ် လစဉ် မိမိတို့ဝင်ငွေထဲကနေ ၂၅ ရာခိုင်နှုန်းကို မိသားစုတွေဆီ သူတို့ သတ်မှတ်ထားတဲ့ ဘဏ်တွေကနေ မဖြစ်မနေ ငွေလွှဲဖို့ ဖိအားပေး စီစဉ်ခဲ့ပါသေးတယ်။

ဒါ့အပြင် တရားဝင် ငွေလွှဲတာ မလုပ်ဆောင်ရင် နောက်တကြိမ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ် ပိတ်ပင်မယ်ဆိုပြီး စစ်ကောင်စီက သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013