DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ် SNA နှင့် PDF တိုက်ပွဲတွင် ၂ ဖက် ထိခိုက်ကျဆုံးမှုရှိ
DVB
·
September 23, 2023
ဟုမ္မလင်းမြို့နယ် SNA နှင့် PDF တိုက်ပွဲတွင် ၂ ဖက် ထိခိုက်ကျဆုံးမှုရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးရှိတယ်လို့ HPDF-124 အဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းအချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နောင်ပိုအောင်စံပြကျေးရွာနဲ့ လွှစင်ကုန်းကျေးရွာအနီး စိုးမိုးကုန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်၊ SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းအချိန်မှာ နောင်ပိုအောင်၊ ကင်းစေတီအခြမ်းဘက်က‌နေ စတင်ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်နဲ့ SNA အထိုင်ချထားတဲ့ လွှစင်ကုန်းရွာမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြလို့ တိုက်ပွဲပြင်းထန်ပြီး ၂ ဖက်အဖွဲ့တွေ ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

HPDF-124 အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မဟာမိတ်တပ်ပေါင်းစုက စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရန်သူတွေ တပ်စွဲနေထိုင်ထားတဲ့ နောင်ပိုအောင်စခန်း၊ လွှစင်ကုန်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရန်သူဘက်က အင်အား ၈၀ ဝန်းကျင်ခန့်ရှိပြီး ၈ နာရီဝန်းကျင်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျည်အင်အားမလုံလောက်တဲ့အတွက် စခန်းသိမ်းပြီး အနည်းငယ်နောက်ပြန်ဆုတ်ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း ဟုမ္မလင်း၊ HPDF-124၊ HPDF-မိုးကြိုးတပ်ဖွဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင် စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ၃ ယောက် ထက်မနည်း ထိခိုက် ဒဏ်ရာရ‌ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

HPDF-124 ဘက်ကလည်း တော်လှန်ရေး ရဲဘော် ၁ ယောက် တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်‌စွန့်လွှတ်ပေးဆပ်ခဲ့ပြီး ၁ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သိမ်းပိုက်ရရှိထားတဲ့စခန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ပြင်ဆင်ခဲ့‌ပေမယ့် ကျည်အင်အား နည်းနေသလို စစ်တပ်ဘက်က အင်အား ၃၀၀ ဝန်းကျင် အလုံးအရင်းနဲ့ စစ်ကူရောက်လာတာကြောင့် ညနေ ၅ နာရီခွဲ ဝန်းကျင်လောက်မှာ အနည်းငယ် တပ်ပြန်ဆုတ်ပေးခဲ့ရတယ်လို့ HPDF-124 တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013