
စစ်လက်နက်နဲ့ပတ်သက်တဲ့ တပ်မတော် အရာရှိကြီး ၂ ယောက် စစ်ဆေးခံရပြီးနောက် စစ်ကိုင်းနဲ့ပဲခူးက ပြည်သူ့စစ်တွေကို လက်နက်ချထားပေးတယ်လို့ တပ်မတော် စစ်ဆေးရေးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးမှာ စက်တင်ဘာ ၁၅ ရက်က စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးတပ်က ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်ကို ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နဲ့ အဖွဲ့က စစ်ဆေးခဲ့တာဖြစ်တယ်လို့ စစ်ဆေးရေးရုံးချုပ်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ပြည်သူ့စစ်တွေအတွက်ရော၊ တပ်အတွက်ရော လက်နက်ဝယ်တဲ့ကိစ္စတွ၊ လက်နက်တွေ မချပေးတဲ့ကိစ္စတွေကို စစ်ဆေးတာ။ အဲလို စစ်ဆေးလိုက်လို့ ပြည်သူ့စစ်တွေကို လက်နက်ချပေးတာ” လို့ ပြောပါတယ်။
ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးဖို့ ကစထမှူး (စစ်ဆင်ရေးအထူးအဖွဲ့မှူး)ဒုဗိုလ်ချုပ်ကြီးတချို့က ပြောဆိုခဲ့ပေမဲ့ ဝယ်ယူရေးတပ်နဲ့ ညွှန်ကြားရေးတပ်က အကြောင်းမပြန်တာကြောင့် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စဆရရုံးချုပ်မှာ စစ်းဆေးနေတဲ့သူတွေအများကြီးပဲ။ ဒုဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ဦးပိုင်က ဗိုလ်ချုပ်တွေတောင်ပါတယ်။ ခေါင်းစဥ်တွေကတော့ အမျိုးမျိုးပဲ” လို့ ပြောပါတယ်။
ဒီလိုစစ်ဆေးပြီး ၅ ရက်အကြာ စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာ အမှတ် ၃ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် တပ်များညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးတို့က စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။










