
ထိုင်ဝမ်တောင်ပိုင်းရှိ ဂေါက်ရိုက်ပစ္စည်းစက်ရုံတရုံမှာ မီးလောင်မှုနဲ့ ပေါက်ကွဲမှုကြောင့် လူ ၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၃ ဦးကို စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်မီးသတ်ဌာနရဲ့ပြောကြားချက်အရ ပင်းင်ထွန်င်ခရိုင် စက်မှုဇုန်ရှိ စက်ရုံတခုမှာ စက်တင်ဘာ ၂၂ ရက်က ပေါက်ကွဲမှုနဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မျက်မြင်သက်သေတဦးက စက်တင်ဘာ ၂၂ ရက်နှောင်းပိုင်းက ဂေါက်စက်ရုံမှာ ပေါက်ကွဲတဲ့ အရှိန်ကြောင့် သူဟာ အရှေ့ကို လွင့်သွားခဲ့တယ်လို့ ပြောပြပါတယ်။
သေဆုံးသူတွေထဲမှာ မီးသတ်အဖွဲ့ဝင် ၄ ဦး ပါဝင်ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောပါတယ်။ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ နောက်ဆက်တွဲ ပေါက်ကွဲမှုတွေကိုတော့ စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Source/Photo-Reuters










