
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ တိုက်ခိုက်ခံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥတ္တံတားကျေးရွာက ဒေသခံ ၅ ယောက်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ပေါင်မြို့မရဲစခန်းက ရဲတပ်သားနယ်ထိန်းတယောက် လမ်းမှာပစ်သတ်ခံရပြီး၊ ဩဂုတ် ၂၇ ရက်ကလည်း ပေါင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရပါတယ်။
အဲဒီဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ဥတ္တံတား အပြင်ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ခင်မြင့်အပါအဝင် ဒေသခံ ၁၅ ယောက်လောက်ကို စစ်ကောင်စီလုံခြုံရေးတွေက သံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့(စစ်ကောင်စီဘက်က)ပြောတာက PDF တွေကို ဆက်သွယ်ပြီး စကားပြောထားတာ၊ နောက် ကူညီပေးတာတို့ ရှိတယ်ဆိုပြီး ဖမ်းသွားတာပဲ။ ၂ ယောက်ကိုတော့ ပြန်လွှတ် ပေးလိုက်တယ်လို့ကြားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုထားတဲ့ ဥတ္တံတားကျေးရွာက ဒေါ်ချိုဝင်း(ခေါ်)ခင်ချိုဝင်း၊ မစန္ဒာလင်း(ခေါ်) ဒါလေး၊ စန်းမင်း၊ စိုးမိုးအောင်နဲ့ ကိုဖိုးချိုတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားစွဲဆိုခဲ့တာပါ။
စစ်ကောင်စီဘက်က အရေးယူအမှုဖွင့်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးဆိုင်ရာထောက်ပံ့မှု ပုဒ်မ ၅၀(ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေပညာရှင်တွေဆီကက သိရပါတယ်။
ဥတ္တံတားကျေးရွာက ဖမ်းဆီးခံခဲ့ရတဲ့သူတွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက စစ်ဆေးပြီးနောက် ဒေသခံတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကို စစ်ဆေးမေးမြန်းနေသေးပြီး တချို့ကိုတော့ စစ်ကြောရေးတခုကို ထပ်မံပို့ဆောင် စစ်ဆေးဖို့လည်း ရှိသေးတယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၈၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။










