DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေဈေးကွက်ထိန်းချုပ်ရေးကြိုးပမ်းမှု ရေတိုသာအဆင်ပြေနိုင်ဟု လုပ်ငန်းရှင်များ သုံးသပ်
DVB
·
September 23, 2023
နိုင်ငံခြားငွေဈေးကွက်ထိန်းချုပ်ရေးကြိုးပမ်းမှု ရေတိုသာအဆင်ပြေနိုင်ဟု လုပ်ငန်းရှင်များ သုံးသပ်
Donate to DVB

နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ ကုန်ဈေးနှုန်းတက်မှုကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို သူတာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီတို့ကနေ အဂတိလိုက်စားမှုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့ပြီး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို စစ်ကောင်စီက စက်တင်ဘာ ၁၈ ရက်မှာ အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဥက္ကဋ္ဌနေရာ ခန့်အပ်လိုက်ပါတယ်။ အခုလို စစ်ကောင်စီက နိုင်ငံခြားငွေ ဈေးကွက် ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာက ရေတိုမှာသာ အဆင်ပြေနိုင်ပေမယ့် ကုန်ဈေးနှုန်းကျဆင်းဖို့က မဖြစ်နိုင်ဘူးလို့ လုပ်ငန်းရှင် တယောက်က သုံးသပ်ပြောပါတယ်။

"ဒေါ်လာဈေးက ဒီလို နည်းနဲ့ လုပ်ရင် ကျမလားဆိုတော့ လောလောဆယ် ရေတိုအနေနဲ့ပဲ ရတာပေါ့နော်။ လတ်တလောမှာ ဖမ်းတာဆီးတာ ရှိနေလို့သာ အရောင်းအဝယ် ရပ်သွားတဲ့ အခြေအနေကြောင့် ဒေါ်လာဈေး ကျတယ်လို့ ဖြစ်သွားခဲ့တာ။ သို့သော်လည်း ဈေးကျလို့ ဥပမာ သူတို့ပြောတဲ့ ဈေး ၃၄၀၀ ဆို တကယ့်တကယ် မြေပြင်မှာ ၃၄၀၀ နဲ့ ဝယ်လို့ မရပါဘူး။ ၃၄၀၀ နဲ့ ဝယ်မရလို့ ၃၇၀၀ ၃၈၀၀ ပေးမယ်ဆိုလည်း ဝယ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ရောင်းရင်ဝယ်ရင် အသွင်ယူဖမ်းဆီးတာတွေလည်း ရှိနေတာ့ တော်တော်လေး ဒီဘက်မှာ ဈေးကွက် ရပ်သွားတယ်။ ရပ်သွားတဲ့အတွက် ဈေးက ကျတာဖြစ်သွားတယ်။ တကယ့်တကယ်က ဒီလိုပုံစံ မဖြစ်နိုင်ဘူး။"

"တဖက်မှာ ကုန်ဈေးနှုန်းနဲ့ ပြန်ကြည့်ရင် အရောင်းအဝယ် ရပ်သွားတဲ့အတွက် ကျနော်တို့ နိုင်ငံက Import ကို အဓိက လုပ်တာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ကုန်စည်တွေ ပြည်တွင်းထဲကို ရောက်မလာတဲ့အခါ ကုန်ဈေးနှုန်းက ကြီးလာတဲ့ အနေအထားတခု ရှိနေတာပေါ့။ ငွေဈေးက ဘာကြောင့် ကျသွားလဲ ဆိုရင် သူတို့က ကိုယ့်လူအချင်းချင်းကို ထိရောက်စွာ အရေးယူတယ်ဆိုတဲ့ပုံစံ လုပ်နေတာပေါ့။ လုပ်နေတာက တကယ်ရော ထိရောက်လာလားဆိုတော့ လူတွေက ကြောက်ပြီးတော့ အရောင်းအဝယ် မလုပ်တော့တာပေါ့။ မလုပ်တော့တဲ့အခါကျ ရှိတာလေးနဲ့ ငြိမ်နေ မှိန်းနေလိုက်တဲ့အခါ ပြည်တွင်းမှာ လိုအပ်နေတဲ့ အရေးပေါ်ကုန်စည်တွေ ဆေးဝါး ကိစ္စတွေ၊ ပြည်တွင်းထဲကို ပစ္စည်း ရှားပါးမှုတွေ၊ ကုန်ဈေးနှုန်းကြီးမှုတွေ ဆိုးလာတဲ့ အနေအထားပဲ ရှိလာနိုင်တယ်။"

လတ်တလော အဖမ်းအဆီး အစစ်အဆေးတွေကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းက အနည်းငယ် ကျဆင်းနေပေမယ့် ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိမနေဘူးလို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စက်တင်ဘာ ၂၁ ရက်အထိ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းက အမေရိကန် ၁ ဒေါ်လာကို ပြင်ပမှာ ငွေကျပ် ၃၄၀၀ ကျော် ပေါက်ဈေးရှိခဲ့ပြီး ဈေးနှုန်းတခုသာ ရှိပေမယ့် ပြင်ပမှာတော့ အရောင်းအဝယ်တွေ ရပ်ထားရတယ်လို့ ငွေလဲလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကို Import, Export ကုမ္ပဏီတွေဆီ တိုက်ရိုက် ရောင်းခွင့်မပြုတော့ဘဲ ဘဏ်ကနေတဆင့်သာ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ရောင်းချဖို့ ညွှန်ကြားလိုက်တာကြောင့် လတ်တလောမှာ အရောင်းအဝယ် ရပ်နေတယ်လို့ ဒေါ်လာအရောင်းအဝယ် လုပ်သူ တယောက်က ပြောပါတယ်။

"ဟိုရက်က ကျမ ရောင်းချင်တော့ မေးတဲ့အခါ ရောင်းခွင့် မပေးဘူး။ ရောင်းချင်ရင် ဘဏ်ကိုပဲ ရောင်းရမယ် ပြောတယ်။ ကျမက စီဘီဘဏ်ကို မေးတဲ့အခါ ကျမတို့ ပိုက်ဆံက ဗဟိုဘဏ်ရဲ့ Online Matching rate က ၂၉၀၀ ကျော်ကျော်လောက်ရှိတယ်။ အဲဒီ rate နဲ့ ကျမတို့ ပိုက်ဆံ မရဘူးတဲ့။ အဲဒါကို Import ကုမ္ပဏီတွေပဲ ရမယ်။ ဘဏ်ကို ရောင်းရင် ၂၁၀၆ နဲ့ပဲ ရမယ်တဲ့။ ၂၁၀၆ နဲ့က ဘယ်သူမှ မယူချင်ဘူးလေ။ ၂၉၀၀ လောက်နဲ့ ရရင် တော်ဦးမယ်။ Import သမားတွေကိုတော့ ဘဏ်ကို တရားဝင် ၂၉၀၀ ကျော်လောက်နဲ့ ပေးတာလေ။ ၂၁၀၀ ကျ အရမ်းကွာလွန်းတယ်လေ။ အဆင်မပြေဘူး မရောင်းဘူးပေါ့။"

"အခုကျ ဥပဒေအမျိုးမျိုး ထုတ်ပြီး အားလုံးက ဘာမှ လုပ်ခွင့်မရှိတော့ဘူး။ ဘဏ်တွေမှာပဲ လုပ်ခွင့် ရှိနေတယ်။ အပြင်မှာ ဘာအလုပ်မှ လုပ်လို့ မရတော့ဘူး။ ကျမတို့သည် ကျမတို့ အကောင့်ကနေ တခုခု ရွှေ့မယ်ဆို ဘဏ်ကနေပဲ အကြောင်းကြားပြီး လုပ်လို့ပဲ ရတော့တယ်။ ကျမတို့အကောင့်ကနေ ကိုယ့်သဘောနဲ့ကိုယ် အမေရိကန်ဒေါ်လာ ထုတ်လို့ မရတော့ဘူး။ ဘာဆက်ဖြစ်သွားမလဲဆိုတော့ ဘယ်သူမှ အသွင်းအထုတ် မလုပ်တော့ဘူး။ အရင်တုန်းက အတိုင်း ဟွန်ဒီ မားကတ် ကြီးစိုးမှာပေါ့ ပြင်ပကနေ။ ဒါပေမဲ့လည်း အခုက အဖမ်းဆီးတွေ ရှိနေတာ့ အပြောင်းလဲတွေလည်း ရှိနေတာ့ ဘယ်သူမှတော့ မရင်းရဲ မလုပ်ရဲသေးဘူး အခုချိန်မှာ။"

ဒေါ်လာဈေးမြင့်တက်လို့ နိုင်ငံခြားငွေ ဈေးကစားတယ်ဆိုပြီး ပြည်တွင်းမှာ နိုင်ငံခြားငွေ လဲလှယ်ခွင့်ရ လိုင်စင်ရ ကုမ္ပဏီ Money Changer ၁၂၃ ခုကို စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကနေ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တွေ ပိတ်သိမ်းခဲ့ပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဥက္ကဋ္ဌနေရာထားပြီး စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ စစ်ကောင်စီဥက္ကဋ္ဌအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

ကော်မတီရဲ့ တာဝန်တွေကတော့ နိုင်ငံအတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်ငန်းသုံးယာဉ်ယန္တရားတွေနဲ့ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းရာမှာ လိုအပ်တဲ့ နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးရပါတယ်။ ဒါ့အပြင် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး လုပ်ငန်းနဲ့ ပြည်တွင်းမှာ ဝယ်ယူလို့မရတဲ့ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ဝယ်ယူတင်သွင်းရာမှာ လိုအပ်တဲ့ နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013