
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ စက်တင်ဘာ ၁၃ ရက်ကစပြီး ကုန်တင်ယာဥ်တွေအတွက် သတ်မှတ်ထားတဲ့ ကီလို ၆၀ ကို ကျော်လွန်ပြီး မောင်းနှင်တဲ့ ယာဥ်တွေကို ယာဥ်ထိန်းရဲနဲ့ စစ်တပ်က ဖမ်းဆီးပြီး ဒဏ်ကြေးအများအပြား ဆောင်ခိုင်းကာ ဖမ်းဆီးငွေညှစ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်တင်ယဥ်မောင်းတဦးက ပြောပါတယ်။
“အဖမ်းခံရပြီး လမ်းမှာ သူတို့နဲ့ပဲ ရှင်းရင်တော့ ပိုက်ဆံပေးရတာ များတယ်။ ဒါပေမဲ့ အလုပ်မရှုပ်ဘူး။ Kpay နဲ့တောင် ပေးလို့ရတယ်။ တရားရုံးမှာ ဒဏ်ကြေးသွားပေးရင်တော့ သက်သာတယ်။ ဒါပေမဲ့ တနေကုန်နီးပါးလောက် ကြာတယ်။”
အခုလို ဖမ်းဆီးခံရတဲ့ ကုန်တင်ယာဥ်တွေကို ယာဥ်ထိန်းရဲအဖွဲ့က ဒဏ်ကြေးအဖြစ် ကျပ် ၁၂၀,၀၀၀ ခန့် တောင်းခံပြီး တရားရုံးမှာရှင်းရင်တော့ ကျပ် ၅၀,၀၀၀ ခန့်သာ ပေးရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကုန်တင်ယာဥ်တွေအတွက် အမြန်လမ်းအသုံးပြုခွင့်ကတ်ပြား ပြုလုပ်ခိုင်းထားပြီး နှစ်စဥ်ကြေး ကျပ် ၂၅၀,၀၀၀ ခန့် ကျသင့်ကာ အဆိုပါကတ်ပြားမရှိတဲ့ သာမန်ကုန်တင်ယာဥ်တွေကိုလည်း အမြန်လမ်း ယာဥ်ထိန်းရဲတွေက ဖမ်းဆီးနေတယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
“အင်ဂျင်ဝိုင်ပုံးတွေ သယ်လာတာ လမ်းအသုံးပြုခွင့်ကတ် မလုပ်ထားလို့ဆိုပြီး ဒဏ်ကြေး ၇၀,၀၀၀ ဆောင်လိုက်ရတယ်။ ဂိတ်တွေကလည်း များပြီး လိုက်ထရပ်တို့ ဟိုက်ဂျက်ကားတို့ဆိုရင် အရမ်း အစစ်အဆေးများတယ်။”
အခုလို ကုန်တင်ယာဥ်တွေကို အတင်းအကျပ် ဖမ်းဆီးငွေညှစ်ပြီး စည်းကမ်းချက်တွေ တင်းကျပ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုကို ထိခိုက်နိုင်ပြီး ကုန်စျေးနှုန်းတွေ ထပ်တက်နိုင်တယ်လို့ တခြား ကုန်တင်ယာဥ်မောင်းတဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးကို အကြောင်းပြပြီး အမြန်လမ်း မိုင်တိုင်နေရာအနှံ့အပြားမှာ စစ်တပ်၊ အမြန်လမ်းရဲတပ်ဖွဲ့တို့ ပေါင်းပြီး စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ကာ ကုန်တင်ယာဥ်တွေနဲ့ ခရီးသည်တင်ယာဥ်တွေဆီကနေ ငွေကြေးကောက်ခံတာတွေ ပိုမိုများပြားလာတာကြောင့် အမြန်လမ်းမှာ သွားလာနေတဲ့ ပြည်သူတွေအတွက် ပိုမိုအခက်ကြုံလာရပါတယ်။