DVB Logo
Home
မြန်မာသတင်း
စစ်တွေရှိ  အိန္ဒိယဆိပ်ခံတံတားတွင်  ပြည်တွင်း သင်္ဘောများ ဆိုက်ကပ်ခွင့်ပြု
DVB
·
September 22, 2023
စစ်တွေရှိ  အိန္ဒိယဆိပ်ခံတံတားတွင်  ပြည်တွင်း သင်္ဘောများ ဆိုက်ကပ်ခွင့်ပြု
Donate to DVB

အိန္ဒိယက တည်ဆောက်ထားတဲ့ ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းရဲ့ စစ်တွေမြို့ ဆိပ်ခံတံတားကို ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတွေ ဆိုက်ကပ်အသုံးပြုခွင့်ရရှိပြီလို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) တာဝန်ရှိသူက ပြောပါတယ်။

ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) တာဝန်ရှိသူတဦးက  “မိုခါ ကြောင့် ကယ်ဆယ်ရေး သင်္ဘောတွေ ဆိုက်ကပ်ကြတာကြောင့် ကမ်းရိုးတန်းသင်္ဘောတွေ ဆိုက်ကပ်လို့ မရခဲ့ကြသေဘူး။ အခုမှပဲ ဆိပ်ကပ်ခွင့် ရကြတယ်။ ဒီဆိပ်ကမ်းက နိုင်ငံတကာ စံချိန်မီတဲ့ ဆိပ်ကမ်းတခုဖြစ်တယ်။ အခု ဒီဆိပ်ကမ်းကို အသုံးပြုခွင့်ရတဲ့အတွက် ကုန်တင်ကုန်ချ ပြုလုပ်ကြရာမှာ တော်တော်လေးကို အချိန်တိုတောင်းပြီ မြန်ဆန်မှု ရှိနိုင်တယ်" လို့ ပြောပါတယ်။

ကုလားတန်မြစ်ဘက်စုံသုံးစီမံကိန်းရဲ့ စစ်တွေမြို့ဆိပ်ခံတံတားကို ၂၀၂၃ ခုနှစ် မေ ၉ ရက်က အိန္ဒိယ-မြန်မာတာဝန်ရှိသူတွေက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ်မှာ “မိုခါ” မုန်တိုင်းကြောင့် လူမှုကယ်ဆယ်ရေးသင်္ဘောတွေကိုသာ ဆိုက်ကပ်ခွင့်ပြုခဲ့ပြီး အခုမှ ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတွေကို စတင် ဆိုက်ကပ်ခွင့်ပေးတာပါ။

အဲဒီဆိပ်ကမ်းမှာ ပြည်ပနဲ့ ပြည်တွင်းကမ်းရိုးတန်း သင်္ဘောတွေပါ ဆိပ်ကပ်နိုင်တဲ့ ဆိပ်ခံတံတားတွေ ပါရှိပြီး လတ်တလော ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတွေ အသုံးပြုခွင့်ပေးတဲ့အတွက် ကုန်စည် မြန်ဆန်ရေးအတွက် အထောက်ကူပြုနိုင်သလို နိုင်ငံခြား ပို့ကုန်သွင်းကုန်အတွက်လည်း အထောက်ပံ့ ဖြစ်နိုင်တယ်လို့ ရခိုင်လုပ်ငန်ရှင်တဦးက ​ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြေးဆွဲနေကြတဲ့ ကမ်းရိုးတန်းသင်္ဘောတွေဟာ ကုလားတန်မြစ်ထဲ ကျောက်ချပြီး စက်လှေတွေနဲ့ ကုန်တင်ကုန်ချ ပြုလုပ်ရသလို၊ ဆပ်ရိုးကျချောင်းက ဆိပ်ကမ်းငယ်တွေမှာလည်း ကုန်တင်ကုန်ချ ပြုလုပ်ကြရတာပါ။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအစီအစဉ်နဲ့ ဆောင်ရွက်နေကြတဲ့ ကုလားတန်ဘက်စုံသယ်ယူ ပို့ဆောင်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ထားတာဖြစ်ပါတယ်။

အဲဒီကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ၊ ကာလကတ္တားဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ်ရေကြောင်းမှတဆင့် ဆက်သွယ်မယ့် စီမံကိန်းဖြစ်ပါတယ်။

အဲဒီ စစ်တွေဆိပ်ကမ်းက တဆင့် ချင်းပြည်နယ်၊ ပလက်ဝဆိပ်ကမ်းသို့ ဆက်သွယ်ပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်ကို ကားလမ်းနဲ့ ချိတ်ဆက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013