DVB Logo
Home
နိုင်ငံတကာ
FFP ပါတီ အမျိုးသမီးလွှတ်တော်အမတ်ဟောင်း တသက်တာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရ
DVB
·
September 21, 2023
FFP ပါတီ အမျိုးသမီးလွှတ်တော်အမတ်ဟောင်း တသက်တာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရ
Donate to DVB

ထိုင်းနိုင်ငံက Future Forward ပါတီ အမျိုးသမီးလွှတ်တော်အမတ်ဟောင်းနဲ့ ပါတီအနိုင်ရရေး အင်တိုက်အားတိုက် ကူညီမဲဆွယ်ပေးခဲ့သူ အသက် ၃၅ နှစ်အရွယ် ချော့ ဖန်နိကန်ဝါနစ်ကို ဗဟိုတရားရုံးချုပ်က စက်တင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ တသက်တာ နိုင်ငံရေးရာထူးနေရာ လျှောက်ထားခွင့် ပိတ်ပင်လိုက်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဘုရင်မျိုးနွယ် အခွင့်ထူးခံ အကြောင်းတွေ သွယ်ဝိုက်ရေးသား ဖော်ပြခဲ့ပြီး အဆိုပါရေးသားချက်တွေဟာ မဟာအနွယ်တော် သိက္ခာကျဆင်းစေတယ်၊ ပြည်သူလူထု အထင်မှားပြီး အကြည်ညို ပျက်စေနိုင်တယ်၊ ဒါကြောင့် သူ့ရဲ့ရေးသားချက်တွေအကုန် ပြန်လည်စစ်ဆေးသုံးသပ်ပြီး လိုအပ်သလို အရေးယူပေးဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်ရေးအဖွဲ့  အတွင်းရေးမှူး ဆီဆုဝမ်း ကျန်လယားက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့နဲ့ အခြေခံဥပဒေတရားရုံးတို့ကို လျှောက်ထားခဲ့တာပါ။

သူဟာ ကျူလာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ဘာသာနဲ့လည်းကောင်း၊ အင်္ဂလန်နိုင်ငံမှ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပြီး နိုင်ငံရေးလောကထဲမဝင်ခင် Voice TV သတင်းဌာနမှာ သတင်းကြေညာသူ လုပ်ခဲ့ပါတယ်။

အဲဒီနောက် Future Forward Party (အနာဂတ်သစ်ပါတီ) ထဲကနေ နိုင်ငံရေးလောကထဲ ရောက်လာပါတယ်။ တက္ကသိုလ်က ကထိက၊ ကျောင်းဆရာနဲ့ လူငယ်အများစုပါဝင်တဲ့ သူတို့ပါတီဟာ ပြည်သူကို ဗဟိုပြု လှုပ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ရရှိရေးနဲ့ တော်ဝင်ဘုရင်ဥပဒေကို ခုတုံးလုပ်ကာ အမြင်မတူသူတွေကို ဥပဒေနဲ့ ထောင်ချ အပြစ်ပေးနေတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ထက်မြက်တဲ့လူငယ်တွေ ဦးဆောင်တဲ့ Future Forward Party ဟာ ဘုရင်စနစ်ကို တိုက်ဖျက်မယ့်ပါတီလို့ စွပ်စွဲခံခဲ့ရပြီး လွန်ခဲ့တဲ့ ၄ နှစ်က ပါတီခေါင်းဆောင် ထနားထွဏ်း၊ ပီယဘူလုတ်နဲ့ ချော့ဖန်နိကန် အပါအဝင် လွှတ်တော်အမတ် ၁၀ ယောက်ကျော် ပါတီဝင်အဖြစ်က ပယ်ထုတ်ခံရ၊ နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ် ပိတ်ပင်ခံရသလို Future Forward Party လည်း ဖျက်သိမ်းခံလိုက်ရပါတယ်။

Future Forward Party ဖျက်သိမ်းခံရပြီးနောက် ပါတီအမတ် ထိမ်းဖိထား ဦးဆောင်တဲ့ အဖွဲ့ဝင် ၅၀ ကျော်လောက်ဟာ Move Forward Party ကို ပြန်လည်ထူထောင်ပြီး Future Forward Party ဟောင်းက ခေါင်းဆောင်တွေဟာလည်း MFP ပါတီ အနိုင်ရရေး ဝိုင်းဝန်း မဲဆွယ်ပေးခဲ့ကြပါတယ်။

အခုလို ချော့ ဖန်နိကန် အနေနဲ့ တသက်တာ နိုင်ငံရေးရာထူးမှ ထုတ်ပယ်ခံရတဲ့အပေါ် MFP ပါတီက ထိုင်းအခြေခံဥပဒေရဲ့ ကျင့်ဝတ်ဆိုင်ရာပုဒ်မတွေရဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြပြီး နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ်ကျော် ပိတ်ပင်ခံထားရ၊ အပြစ်ပေးခံထားရတဲ့သူကို ထပ်ဆင့် အပြစ်ပေးတာ တရားမျှတပါရဲ့လားလို့ သတင်းစာရှင်းလင်း မေးခွန်းထုတ်ခဲ့ပါတယ်။

ချော့ဖန်နိကာ ရေးသားချက်တွေဟာ သူလွှတ်တော်အမတ် မဖြစ်ခင် တက္ကသိုလ်ကျောင်းသူဘဝက ရေးသားခဲ့တာတွေဖြစ်ပြီး အခုလို အတိတ်ကကိစ္စကို ပြန်ဖော်ပြီး အရေးယူတဲ့အပေါ် တရားမျှတမှု မရှိဘူးလို့လည်း MFP ပါတီက ထုတ်ပြန်ပါတယ်။

ကာယကံရှင် ချော့ ဖန်နိကန်က‌တော့ သူ့အပေါ် စိုးရိမ်ပေးသူတွေ၊ အားပေးစကား ပြောလာသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း၊ တရားဥပဒေနဲ့ကိုင်ပေါက်ပြီး သူ့ကို နိုင်ငံရေးရာထူးကနေ ဖယ်ရှားပေမဲ့ သူ့ရဲ့ နိုင်ငံရေးအတွေးအမြင်၊ လှုပ်ရှားမှုတွေကိုတော့ ဘယ်သူကမှ ပိတ်ပင်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။

နိုင်ငံရေးလုပ်တာ လွှတ်တော်အမတ်ရာထူး လိုချင်လို့၊ ဝန်ကြီးရာထူး ရချင်လို့မဟုတ်ဘူး၊ တိုးတက်ကောင်းမွန်တဲ့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေထဲ ကွင်းဆင်းပြီး ပြည်သူ့လိုအပ်ချက်တွေ ဖြည့်ဆည်းမယ်၊ နိုင်ငံရေး ဝေဖန်သုံးသပ်မှုတွေ ဆက်လုပ်မယ်၊ လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ မဟုတ်၊ စိတ်ဓာတ်ကျတတ်သူ မဟုတ်ဘူးလို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Source- SpringNews/ Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013