DVB Logo
Home
နိုင်ငံတကာ
အာမေးနီးယန်းနှင့် အဇာဘိုင်ဂျန် အပစ်ရပ် သဘောတူ
DVB
·
September 21, 2023
အာမေးနီးယန်းနှင့် အဇာဘိုင်ဂျန် အပစ်ရပ် သဘောတူ
Donate to DVB

အာမေးနီးယန်း တိုင်းရင်းသားတွေနေထိုင်ရာ တောင်ထူထပ်တဲ့ နာဂေါ်နိုကရာဘတ်ဒေသမှာ အာမေးနီးယန်း တိုင်းရင်းသားတပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို သဘောတူညီချက် ရရှိခဲ့ကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြုပါတယ်။

ဒေသတွင်း အကြမ်းဖက်နှိမ်နင်းရေး အစီအမံတွေကို ဆိုင်းငံ့ထားဖို့ သဘောတူညီချက် ရရှိခဲ့ပြီး ကရာဘတ်ရှိ အာမေးနီးယန်း တပ်ဖွဲ့တွေဟာ သူတို့ လက်နက်ချဖို့၊ တိုက်ခိုက်ရေး ရာထူးတွေနဲ့ စစ်စခန်းတွေကို စွန့်လွှတ်ဖို့နဲ့ လက်နက်တွေ အလုံးစုံ ဖြုတ်သိမ်းဖို့တွေကို သဘောတူညီခဲ့ပြီး လက်နက်တွေနဲ့ အကြီးစားကိရိယာအားလုံးကို အဇာဘိုင်ဂျန်စစ်တပ်ဆီ လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

အာမေးနီးယန်း လက်နက်ကိုင်တပ်ဖွဲ့ ယူနစ်တွေဟာ အဇာဘိုင်ဂျန်နယ်မြေတွေကို စွန့်ခွာပြီး တရားမဝင် အာမေးနီးယန်း လက်နက်ကိုင်အဖွဲ့တွေကို ပြန်လွှတ်ပေးခဲ့ကြောင်း အဇာရီ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အနာအိုင်ဗာဇော့ဗ်က ပြောပါတယ်။

စာရင်းပြုစုထားတဲ့ လုပ်ငန်းစဉ်တွေကို ရုရှား ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း ပြောသွားပါတယ်။

အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နာဂေါ်နိုကရာဘတ် နယ်မြေရှိ အာမေးနီးယန်း ထိန်းချုပ်ထားတဲ့ အဇာဘိုင်ဂျန်နယ်မြေရှိ ခွဲထွက်ရေးဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

ဒဏ်ရာရသူ အရပ်သားတွေထဲက အနည်းဆုံး ၈ ဦးဟာ ကလေးငယ်တွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

နာဂေါ်နိုကရာဘတ်ဒေသမှာ တိုက်ပွဲတွေကို တားဆီးဖို့ ရုရှားက လုံလုံလောက်လောက် မလုပ်ဆောင်ခဲ့ကြောင်း အာမေးနီးယားရဲ့ ပြောဆိုချက်တွေကို ကရင်မလင်က ပယ်ချလိုက်ပြီး ဒီကိစ္စဟာ အဇာဘိုင်ဂျန်ရဲ့ ကိုယ်ပိုင်နယ်မြေအတွင်း လုပ်ရပ်တွေနဲ့ သက်ဆိုင်တယ်လို့ ပြောကြားပါတယ်။

ရုရှားဟာ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ကရာဘတ်ရှိ အာမေးနီးယန်း တိုင်းရင်းမျိုးနွယ်စုတွေနဲ့ အဆက်အသွယ်မပြတ် ရှိနေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။

ကရင်မလင်မှာ အခြေခံ စံသတ်မှတ်ချက် ၂ ခု ရှိထားတဲ့အထဲက ပထမတခုဖြစ်တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ၃ နိုင်ငံ သဘောတူညီချက်တွေအရ လက်ရှိပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ကြိုးပမ်းမှုတွေကို အခြေခံအုတ်မြစ်တွေ ချပေးထားတယ်လို့ ပက်စ်ကို့ဗ်က ဆိုပါတယ်။

ဒုတိယဖြစ်တဲ့ အလွန်အရေးကြီးတဲ့ စံသတ်မှတ်ချက်ဟာ ၁၉၉၁ ခုနှစ်က အဇာဘိုင်ဂျန်ပြည်နယ် နယ်နိမိတ်ကို အသိအမှတ်ပြုကြောင်း အာမေးနီးယားဝန်ကြီးချုပ် နိကိုးလ်ပါရှင်းယန်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတာကြောင့် အာမေးနီးယားဟာ ကရာဘတ်ကို အဇာဘိုင်ဂျန်ရဲ့ ပိုင်နက်နယ်မြေတခုအဖြစ် အသိအမှတ်ပြုထားတယ်လို့ ပက်စ်ကို့ဗ်က ပြောဆိုပါတယ်။

“ဒီအချက်ဟာ ပြဋ္ဌာန်းချက်များစွာကို သိသိသာသာ ပြောင်းလဲစေတယ်။ ဒါကြောင့် ရုရှားက ကျွန်ုပ်တို့ကို လုံလုံလောက်လောက် ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့လို့ အာမေးနီးယားရဲ့ ပြောဆိုချက်တွေဟာ လုံးဝ အခြေအမြစ်မရှိဘူး။”

သမ္မတ ဗလာဒီမာပူတင်နဲ့ အာမေးနီးယန်းဝန်ကြီးချုပ် နိကိုးလ် ပါရှင်းယန်တို့အကြား ဖုန်းခေါ်ဆိုမယ့် အချိန်ကို ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ပက်စ်ကို့ဗ်က ပြောဆိုပါတယ်။

နာဂေါ်နိုကရာဘတ်ရှိ အာမေးနီးယန်းလူမျိုးစု ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေဟာ ရုရှား ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းတွေကို သဘောတူခဲ့ကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့က တိုက်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုနေခဲ့ပေမဲ့ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့က နာဂေါ်နိုကရာဘတ်ဒေသကို ပစ်ခတ်ခဲ့ရာမှာ အာမေးနီးယားဘက်က အပြောအရ အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး အာမေးနီးယန်း လူမျိုးစုတွေ ထိန်းချုပ်ထားတဲ့ ခွဲထွက်ဒေသမှာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013