DVB Logo
Home
မြန်မာသတင်း
ပဲခူး ရေဘေးသင့်ပြည်သူ ၇၅၀ ကျော် အကူအညီများ လိုအပ်
DVB
·
September 21, 2023
ပဲခူး ရေဘေးသင့်ပြည်သူ ၇၅၀ ကျော် အကူအညီများ လိုအပ်
1 / 7
Donate to DVB

ပဲခူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲ​ခူးမြစ်ရေကြီးတာကြောင့် ရေဘေးသင့် ပြည်သူ ၇၅၀ ကျော်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ဒေသခံ ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။

ပဲခူးမြို့မှာရှိတဲ့ ကျောက်ကြီးစုရပ်ကွက်၊ ရွာသစ်ပိုင်း၊ မြို့သစ် ဂ ရပ်ကွက်၊ ဇိုင်းတောင်နဲ့ ရွှေနံ့သာရပ်ကွက်ရှိ အိမ်ခြေ ၁၉၇ အိမ်က ရေဘေးသင့်ပြည်သူ ၇၅၀ ကျော်ဟာ စားရေး၊ ကျန်းမာရေးအတွက် ဆေးဝါးတွေနဲ့ သောက်ရေသန့်တွေ လိုအပ်နေတာပါ။

ပဲခူးမြို့မှာ ရေကြီးနေတာ သတင်းတပတ်ကျော် ကြာမြင့်နေတာကြောင့် ရေဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ အဓိကလိုအပ်တယ်လို့ ပဲခူးအနာဂတ်ကြယ်ပွင့် သွေးအခမဲ့ နဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိက အခက်အခဲကတော့ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ ရေသန့်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးတာတို့ ဆေးဝါးကူညီတာတို့ကတော့ ခုချိန်ထိ မရှိသေးပါဘူး။ ရေကြီးတာ တပတ်ကျော်ပြီဆိုပေမဲ့ ရေသန့်တောင် ဒီနေ့မှ ကျနော်တို့ စဝေနိုင်တာ။ စားရေးနဲ့ ပတ်သက်ပြီးကတော့ အဓိကကတော့ ထမင်းထုပ်ကို သက်ဆိုင်ရာအာဏာပိုင်တွေ အလှူရှင်တချို့ရဲ့ ကူညီမှုတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အခက်အခဲတွေက အများကြီးရှိပါတယ်။ သောက်ရေကတော့ ကျနော်တို့ ဝေပေးမယ်ဆိုပေမဲ့ လုံလောက်မှုတော့ မရှိသေးပါဘူး။”

ပဲခူးမြို့ ရေနစ်မြုပ်တဲ့ အနိမ့်ပိုင်းရှိ နေအိမ်အများစုဟာ စက်ရုံဆင်းနေတဲ့ အခြေခံလူတန်းစား အများစု ဖြစ်တာကြောင့် အကူအညီတွေ ပိုလိုအပ်နေပေမဲ့ ပထမတခေါက် ရေကြီးတာလောက် အကူအညီ မရရှိဘူးလို့ ကူညီပေးနေတဲ့ ပရဟိတ တဦးက ပြောပါတယ်။

“ရေမြုပ်တဲ့နေရာ အများစုဟာ စက်ရုံဆင်း အလုပ်သမားတွေချည်းပဲ။ အခု ရေကြီးနေတော့ အလုပ်မဆင်းနိုင်ဘူး။ ရေကြီးတာ အချိန်ကြာလာတော့ ကျပ်တည်းလာတာပေါ့။ အိမ်တခုလုံး ရေမြုပ်သွားတဲ့သူတွေကြတော့ နီးစပ်ရာ မိသားစုရဲ့ အကူအညီနဲ့ ရထားလမ်းဘေးမှာ ယာယီတဲထိုးပြီး နေရတယ်။ ဆေးဝါးတွေရဖို့တော့ လက်ရှိမှာ ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ အလှူရှင်ကလည်း ပထမတခေါက် ရေကြီးတာလောက် မရတော့ အခက်အခဲတွေ အများကြီးရှိတယ်။”

ပဲခူးမြစ်ရေဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်ထက် ၂၀ စင်တီမီတာကျော်လောက် ကျသွားပေမဲ့ ရေထရက် ရှိသေးတာကြောင့် ရေပြန်တက်လာမှာကို စောင့်ကြည့်နေပြီး ကယ်ဆယ်ရေးအတွက်လည်း အသင့်ပြင်ထားတယ်လို့ အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ရေကြီးရာမှာတော့ လူပေါင်း ၁၀,၀၀၀ ကျော် ရေဘေးရှောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013