DVB Logo
Home
မြန်မာသတင်း
၉ လအတွင်း မတရားထောင်ချခံရသူ ၁၂၅၀ ခန့်နှင့် တသက်တကျွန်းချခံရသူ ၉၀ ကျော် ရှိလာ
DVB
·
September 20, 2023
၉ လအတွင်း မတရားထောင်ချခံရသူ ၁၂၅၀ ခန့်နှင့် တသက်တကျွန်းချခံရသူ ၉၀ ကျော် ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၉၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၈၁၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၂၄၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၆၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၇ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၀ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၅၇၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့် သုတေသနဌာနက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၂၂၇ ယောက်၊ အမျိုးသား ၁,၀၂၀ ယောက်နဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ ၂ ယောက်၊ စုစုပေါင်း ၁,၂၄၉ ယောက်ရှိပြီး စစ်ကိုင်း တိုင်းမှာ ၇၈၁ ယောက်နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ၁,၂၄၉ ယောက်ထဲမှာတော့ ထောင်ဒဏ် ၂၀ နှစ်နဲ့ ၂၀ နှစ်အထက် ချမှတ်ခံထားရသူ ၃၁ ယောက်၊ တသက်တကျွန်းချမှတ်ခံထားရသူ ၉၂ ယောက်၊ သေဒဏ်ချမှတ် ခံထားရသူ ၁၈ ယောက်၊ တသက်တကျွန်းနဲ့သေဒဏ် နှစ်ခုပေါင်း ချမှတ်ခံထားရသူ ၇ ယောက် ပါဝင်တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013