DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်ဒေသခံများ၏ ကြက်သွန်နီများကို စစ်တပ်က ယူသွား၊ ပုလဲဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်
DVB
·
September 20, 2023
ယင်းမာပင်ဒေသခံများ၏ ကြက်သွန်နီများကို စစ်တပ်က ယူသွား၊ ပုလဲဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာ သံပုရာရိုးတောတိုက်က ဒေသခံပြည်တွေရဲ့ ကြက်သွန်နီတွေကို စစ်ကောင်စီတပ်က ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက် ၉ နာရီမှာ လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လာရောက်သယ်ယူတဲ့ စစ်ကောင်းစီတပ်ဟာ ပတိမ်ပြင်ကျေးရွာမှာ ၂ လကျော် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ရွာသားတဦးက “စစ်ကောင်စီတပ်တွေက ဒီနေ့ နဘူးတောရွာ သံပုရာရိုးတောတိုက်ဘက်ကို စစ်သားအင်အား အများကြီးနဲ့ စစ်ကြောင်းထိုးလာတယ်။ အဲဒီလိုထိုးလာပြီး ဒေသခံတွေရဲ့ ကြက်သွန်နီဂိုထောင်တွေက ကြက်သွန်တွေကို ကားနဲ့တိုက်ပြီး သယ်သွားကြတာဗျ။ အခုလို ဘာလို့လုပ်ရတာလဲဆိုတော့ မြေပြင်မှာ ဘာတိုက်ပွဲမှလည်းမရှိဘူး၊ ဘယ် PDF မှလည်းမရှိဘူး၊ သူတို့ ပြည်သူအပေါ် အနိုင်ကျင့်ရလို့ အနိုင်ကျင့်တာ။ ကြက်သွန်နီ ပိဿာချိန်က ဘယ်လောက်များလဲဆိုတော့ အဲတောတိုက်က တောတဲ အလုံး ၅၀ ကျော်နဲ့ ပြည်သူ‌ေတွစုနေပြီး စိုက်ပျိုးရေးလုပ်နေကြတဲ့ နေရာဖြစ်တော့ ခန့်မှန်းခြေ ပိဿာချိန် ၈၀၀ နီးပါးလောက်ရှိမယ်။ အခု ကြက်သွန်နီပေါက်ဈေးနဲ့ဆိုရင် ပြည်သူတွေ အရမ်းနစ်နာပါတယ်။ မြို့တက်ရောင်းရအောင်လည်း အရင်လတွေက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေတာဆိုတော့ မရောင်းရဘဲ လှောင်ထားရသလို ဖြစ်နေတာဗျ။ အခုလို ပြည်သူပေါ် အနိုင်ကျင့်တာတော့ ဘယ်လိုကျေနပ်မလဲဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ကြက်သွန်နီတွေကို ပတိမ်ပြင်ရွာဆီ ကားတွေနဲ့သယ်ဆောင်ပြီး ဒေသခံ ပြည်သူ့တဲတလုံးကိုလည်း မီးရှို့ထားခဲ့သေးတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသားတွေကတော့ စစ်ကောင်စီစစ်ကြောင်းလာတာနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ကြရသလို စစ်ကြောင်းပြန်သွားပြီဆိုရင် ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြရပါတယ်။

အခု သံပုရာရိုးတောတိုက်က ပြည်သူတွေကတော့ စစ်ကောင်စီတပ်စွဲရာ ပတိမ်ပြင်ရွာနဲ့ အနီးဆုံးမှာ ရှိနေတာကြောင့် တောထဲတွေမှာ မနေရဲဘဲ နေရပ်စွန့်ခွာနေကြရတာ ၂ လကျော်အထိ ရှိနေပြီး စစ်ကြောင်းပြန်သွားလို့ ရွာသားအများစု အရဲစွန့်ကာ ကျေးရွာအတွင်း ခိုးဝင်ကြည့်ကြလို့ အခုလို ကြက်သွန်နီတွေ သယ်သွားတာကို သိရတာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ဒေသခံ ၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေထံက သိရပါတယ်။

စင်တင်ဘာ ၁၈ ရက်ကစပြီး ပုလဲမြို့နယ်အတွင်းရှိ မကျီးတော၊ မင်းတိုင်ပင်၊ သရက်၊ နောရိုး၊ ချောင်းသား၊ ဦးနှောက်၊ တလိုင်းကန်ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ဝန်းကျင်ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ညအချိန် လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်တာတွေ ရှိတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူကို ကူညီပေးနေသူ ကိုအောင်ထွေးက “စစ်ကြောင်းက အခုလ အစတည်းက ထိုးနေတာ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာတွေလည်း ရှိတယ်။ ရွာခံတွေထဲက အမျိုးသား လူငယ်လူလတ်ပိုင်းတွေကို PDF တွေဆိုပြီး ဖမ်းဆီးသွားတာတွေ ရှိတယ်။ ဖမ်းခံရပြီးမှ အသတ်ခံလိုက်ရသူတချို့လည်း ရှိတော့ ရွာရှိလူကုန် စစ်ရှောင်နေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို ယူဆောင်သွားသလို ပုလဲမြို့ အနောက်တောင်ဘက်ရှိ နောရိုးကျေးရွာနဲ့ မင်းတိုင်ပင်ကျေးရွာရှိ လူနေအိမ်နဲ့ ကင်းဝန်ဘုန်းကြီးကျောင်းက ဆန်၊ ဆီ အများအပြားကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာ အဲ့ဒီစစ်ကြောင်းက ချောင်နားရွာကနေ သမထီးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ရွာခံတွေ ထပ်မံ စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013