
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းကို စက်တင်ဘာ ၁၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ၂ ကြိမ်တိုင် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၂ နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေ ပူးပေါင်းကာ လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် နာရီဝက်နီးပါးသာ ရှိတယ်လို့ သိရပါတယ်။
ခမရ ၅၅၆ တပ်ရင်းထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အရေးပေါ် လူနာတင်ယာဥ် ၂ စီးနဲ့ မြိတ်မြို့နယ်ဘက်ကို သယ်ဆောင်သွားကြောင်း သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း ပကဖ တာဝန်ခံတဦးက “ထိခိုက်မှုရှိတယ်လို့ သိရတယ်။ နာရေးကားနှစ်စီးနဲ့ မြိတ်ဘက်ကိုမောင်းသွားတာ သိရတယ်။ အဲလိုပစ်ခံရလို့ သူတို့ဘက်ကနေလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် ညနေ ၅ နာရီခွဲလောက်မှာ ခမရ ၅၅၆ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်းဘက်က ထိခိုက်သူတွေ ရှိတယ်လို့ သိရပြီး အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
အဆိုပါ ခမရ ၅၅၆ တပ်ရင်းမှာ စစ်အာဏာသိမ်းပြီးတည်းက ဇဝဲလမ်းဆုံမှာ ဂိတ်ချထားပြီး ခရီးသွားပြည်သူတွေထံကနေ ငွေကြေးတောင်းခံနေတဲ့ တပ်ရင်းတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ခရီးသွားလာကြတဲ့ ပြည်သူတွေအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေ ထုတ်ပြန်ထားတဲ့ သတိပြုရမယ့် အချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။










