DVB Logo
Home
မြန်မာသတင်း
မိုးစပါးအတွက် စပါးအမျိုးအစားအလိုက် ရည်ညွှန်းဈေး‌သတ်မှတ်
DVB
·
September 20, 2023
မိုးစပါးအတွက် စပါးအမျိုးအစားအလိုက် ရည်ညွှန်းဈေး‌သတ်မှတ်
Donate to DVB

၂၀၂၃ ခုနှစ် မိုးစပါးတွေအတွက် စပါးအမျိုးအစားအလိုက် ရည်ညွှန်းဈေးတွေကို စက်တင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

အခုလို တရားဝင် စပါးရည်ညွှန်းဈေး‌တွေ သတ်မှတ်ထုတ်ပြန်ပေးရတာက စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေနဲ့ ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူ‌တွေ ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိပြီး စားသုံးသူ ပြည်သူလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်း‌တွေ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး အတွက်လည်း ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုပါတယ်။

အသင်းချုပ်က သတ်မှတ်ပေးတဲ့ စပါးတင်း ၁၀၀ ရည်ညွှန်းဈေးနှုန်းတွေကတော့ ဧည့်မထ/ငစိန် စပါးဆိုရင် ကျပ် ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာဝတီ ပေါ်ဆန်းစပါးအတွက် ၁၆ သိန်းကနေ ၁၈ သိန်းကျပ်၊ ရွှေဘိုပေါ်ဆန်းစပါးကို ကျပ် ၁၈ သိန်းကနေ ကျပ်သိန်း ၂၀၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးဆိုရင် ကျပ် ၁၆ သိန်းကနေ ၁၈ သိန်းအကြား သတ်မှတ်ထားပါတယ်။

အသင်း‌‌ဝင် ကုမ္ပဏီတွေ၊ ဆန်စပါးကုန်သည်တွေကို အဆိုပါ သတ်မှတ်ဈေးအတိုင်း ဝယ်ယူပေးဖို့ ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားပြီး ရည်ညွှန်းဈေးထက်ပိုပေးပြီး ဝယ်ယူမှုတွေကိုလည်း ဖော်ထုတ်တင်ပြကြဖို့ အသင်းချုပ်ရဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် စပါးအရောင်းအဝယ် လုပ်ဆောင်ရာမှာ အဆိုပါ ရည်ညွှန်းဈေးနှုန်းတွေ အတွင်းကနေ စပါးအမျိုးအစားနဲ့ အရည်အသွေးအလိုက်၊ စပါးအစိုဓာတ်အလိုက် ရောင်းသူနဲ့ ဝယ်သူအကြား ဈေးနှုန်းသတ်မှတ် ညှိနှိုင်းဆောင်ရွက်ကြဖို့လည်း အသင်းချုပ်က တိုက်တွန်းထားပါတယ်။

ရည်ညွှန်းဈေးနှုန်းတွေအတိုင်း ဝယ်ယူဖို့ အခက်အခဲရှိရင်လည်း အသင်းချုပ်နဲ့ ညီနောင်အသင်းတွေ ကုန်စည်ဒိုင်တွေကို အသိပေးဖို့လည်း ညွှန်ကြားထားပါတယ်။

ဆန်စပါးကုန်သည်တဦးက “အကုန်တက်နေချိန်မှာ ဆန်ဈေးချည်း ကျလို့လည်း မဖြစ်ဘူးပေါ့။ တက်သင့်တက်ထိုက်တဲ့ ဈေးထက် ပိုများနေလို့လည်း လယ်သမားကတော့ ရတာပေါ့ဗျာ။ ပြန်စားရတော့ တတိုင်းပြည်လုံး ပြန်စားနေရတာဆိုတော့ မျှတဲ့ဈေးလေးတွေ ဖြစ်ဖို့လိုတယ်။ စပါးစိုက်စရိတ်နဲ့ ဘယ်လောက်လောက် ဖြစ်သင့်တယ်ဆိုတဲ့ ဈေးအပေါ် မူတည်ပြီး ပြန်တော့ချသင့်တယ်” လို့ မှတ်ချက်ပြုပါတယ်။

အခုနှစ် မိုးစပါးအတွက် စပါး တင်း ၁၀၀ ရည်ညွှန်းသတ်မှတ်ဈေးတွေကို မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက တာဝန်ရှိသူ‌တွေ၊ ဆန်စပါးအသင်းချုပ်ရဲ့ စီမံခန့်ခွဲရေးကော်မတီနဲ့ CEC ဗဟိုအလုပ်အမှုဆောင်‌တွေ၊ Exporter ကုမ္ပဏီ‌တွေ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးစပါးနဲ့ ၂၀၂၃ ခုနှစ် နွေစပါးအတွက် စပါးတင်း ၁ဝဝ အခြေခံရည်ညွှန်း စပါးဈေးကိုတော့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်ရေးအဖွဲ့က ကျပ် ၆၃၀,၀၀၀ သတ်မှတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စပါးစိုက်ပျိုးရာမှာ အလုပ်သမားငှားရမ်းခ၊ ထွန်ယက်ခနဲ့ စိုက်ပျိုးစရိတ်တွေ အပါအဝင် သွင်းအားစုတွေအတွက် တောင်သူတွေ ပိုကုန်ကျမှုရှိခဲ့သလို တဖက်မှာလည်း ပြည်တွင်းဆန်စျေး အဆမတန် ကြီးမြင့်နေတာကြောင့် ဆန်အစား ဆန်ကွဲပြောင်းစားလာရတဲ့ ပြည်သူတွေလည်း ရှိလာပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုးစပါးပေါ်ချိန် ဆန်ဈေးကျဖို့ မျှော်လင့်နေပြီး ပြည်ပ ဆန်တင်ပို့မှုအပေါ် ကန့်သတ်မှုတချို့ကိုလည်း လုပ်ဆောင်လာပါတယ်။ ဒါ့အပြင် စပါးနယ်ကျော် သယ်ဆောင်မှု‌တွေအပေါ်လည်း စိစစ် ကန့်သတ်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေနဲ့ နယ်မြေမအေးချမ်းမှုတွေက တိုင်းနဲ့ ပြည်နယ်တချို့မှာ စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုကို လျော့ကျစေခဲ့သလို လျှပ်စစ်မီး ပုံမှန်မရရှိတာ၊ သယ်ယူပို့ဆောင်ခ နှုန်းထားတွေ မြင့်တက်လာတာကလည်း ပြည်တွင်းဆန်စျေး မြင့်တက်ဖို့ အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဆန်စပါးလှောင်လက်တွေ၊ ဆန်ပိုင်တွေနဲ့ ဆန်ရောင်းချသူတွေရဲ့ အဘက်ဘက်က စျေးဆွဲတင်မှုတွေကြောင့်လည်း ပြည်တွင်းဆန်စျေးက ဖြစ်သင့်တာထက် ပိုမြင့်တက်‌စေခဲ့တယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013