DVB Logo
Home
မြန်မာသတင်း
ဆရာအတတ်သင်ကျောင်းများတွင် CDM မလုပ်ရန် စည်းရုံးနေ
DVB
·
September 20, 2023
ဆရာအတတ်သင်ကျောင်းများတွင် CDM မလုပ်ရန် စည်းရုံးနေ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ဖွင့်လှစ်တဲ့ ဆရာအတတ်သင် ပညာရေး သင်တန်းကျောင်းတွေမှာ‌ တက်ရောက်နေသူတွေကို အာဏာဖီဆန် CDM မလုပ်ဖို့အတွက် မကြာခဏ ထည့်သွင်းပြောဆို စည်းရုံးနေတယ်လို့ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။

အခုနှစ်မှာ စစ်ကောင်စီပညာရေးဌာနက ဆရာအတတ်သင် သင်တန်းတွေကို တခုပြီးတခု ဖွင့်လှစ်လာခဲ့ရာ လျှောက်ထားသူတွေကလည်း သင်တန်းအလိုက် လျှောက်ထားသူ များပြားနေပါတယ်။

အဆိုပါ ဆရာအတတ်သင် သင်တန်း တက်ရောက်လာသူတွေကို သင်တန်းဆရာတွေက ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ချိန်မှာ CDM မပြုလုပ်ဖို့အတွက် မကြာခဏ ပြောဆိုတာတွေရှိတယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“CDM လုပ်မယ်ဆိုရင် အခုကတည်းက ဆရာတွေမလုပ်ဖို့၊ လက်ရှိဖြစ်နေတာ ပညာရေးဝန်ထမ်းတွေ မသက်ဆိုင်ဘူး၊ ကလေးတွေကို ပညာသင်ပေးရမယ့်အလုပ်ကိုပဲ အာရုံစိုက်ဖို့ ဆိုတာတွေ မကြာခဏ ပြောပြကြတယ်။ CDM လုပ်သူတွေ ဘဝပျက်သွားတဲ့ အကြောင်းတွေလည်း ထည့်ပြောတာတွေရှိတယ်။”

အာဏာသိမ်းပြီး ၂ နှစ်လောက်အထိ စစ်ကောင်စီပညာရေးဌာနက ဆရာဖြစ်သင်တန်းတွေ အားလုံးကို ဖွင့်လှစ်နိုင်တာမျိုးမရှိဘဲ အခုအခါ မူလတန်းပြဆရာဖြစ်သင်တန်း (PPTT)၊ ဘီအီးဒီ စာပေးစာယူသင်တန်း၊ တက္ကသိုလ်စာမေးပွဲအောင်မြင်သူတွေ တက်ရောက်နိုင်တဲ့ ပညာရေးတက္ကသိုလ်က သင်တန်းတွေ ဖွင့်လှစ်လာနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စနစ်သစ်ပညာရေးအတွက် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ပေးနေတယ်လို့လည်း သိရပါတယ်။

လွတ်မြောက်နယ်မြေမှာရောက်နေတဲ့ CDM မူလတန်းပြဆရာမတဦးက “နယ်တွေမှာ တာဝန်ထမ်းဆောင်တဲ့ အချိန်ကျရင် အခု ဆရာဖြစ်သင်တန်းကို တက်နေတဲ့ ကလေးတွေ CDM ဘာကြောင့်လုပ်သင့်လဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။ အခုချိန်မှာတော့ တက်ကြွနေတဲ့ အချိန်ပေါ့။ တကယ့် နဖူးတွေ့ ဒူးတွေ့ အခြေအနေမှာဆိုရင် ဘယ်လောက်ခက်ခဲသလဲဆိုတာ သူတို့ နားလည်သဘောပေါက်သွားပါလိမ့်မယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲမှာပါဝင်တဲ့ အခြေခံပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေက ရက်ရက်စက်စက် ဖြိုခွင်းတိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ ဆရာမတချို့ သေဆုံးခဲ့သလို စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေက CDM ဆရာ၊ ဆရာမတွေဟာ စစ်တပ်က သတ်ဖြတ်တာကို ခံထားရပါတယ်။

အရင်က အခြေခံပညာကဏ္ဍမှာ ဆရာ၊ ဆရာမ ၄ သိန်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်သွားတဲ့ ဆရာ၊ ဆရာမတွေ ရှိတာကြောင့် ဆရာ၊ ဆရာမ အင်အားဖြည့်ဆည်းဖို့ ရက်တိုသင်တန်းတွေပေးပြီး ဆရာခန့်ထားမှုတွေ ပြုလုပ်ထားရတယ်လို့ စစ်ကောင်စီ ပညာရေးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013