DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၌ စစ်တပ်လက်နက်ကြီး ထိမှန်သဖြင့် ဘုန်းကြီးကျောင်းပျက်စီး၊ သံဃာ ၂ ပါး ဒဏ်ရာရ၊ မြဒေါင်တိုက်ပွဲတွင် PDF ၇ ဦး ကျဆုံး
DVB
·
September 20, 2023
တနင်္သာရီ၌ စစ်တပ်လက်နက်ကြီး ထိမှန်သဖြင့် ဘုန်းကြီးကျောင်းပျက်စီး၊ သံဃာ ၂ ပါး ဒဏ်ရာရ၊ မြဒေါင်တိုက်ပွဲတွင် PDF ၇ ဦး ကျဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီရဲ့ အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးတွေ ဗောဓိကမ်းကျေးရွာ ဘုန်းကြီးကျောင်းဆောင်ပေါ် ကျရောက်ခဲ့ပြီး သံဃာတော်  ၂ ပါး ဒဏ်ရာရသွားပါတယ်။

အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၇ အမြောက်တပ်ကနေ ဗောဓိကမ်းကျေးရွာဘက်ကို မနေ့ နေ့လယ် ၂ နာရီလောက်တည်းက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “လက်နက်ကြီးထိတဲ့ကျောင်းက စစ်ကောင်စီ တပ်စွဲထားတာနဲ့ တော်တော်နီးတယ်။ လက်နက်ကြီးထိတဲ့ သံဃာတော်နှစ်ပါးကိုတော့ ‌ဆေးရုံကို တင်ဆောင်သွားတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရ သံဃာတော်နှစ်ပါးကိုတော့ ညတွင်းချင်း လူနာတင်ကားနဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗောဓိကမ်းကျေးရွာနဲ့ တဆက်တည်းမှာရှိတဲ့ ဘန်လောကျေးရွာဘက်ကိုလည်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်တာ မရှိခဲ့ပါဘူး။

စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီလောက်ကလည်း ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီ ၃ဝ၆ အမြောက်တပ်ကနေလည်း ည ၈ နာရီကျော်လောက်မှာ အနောက်မော်တုန်းရွာဘက်ကို လက်နက်ကြီး ၁ဝ လုံးကျော် ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ အမြောက်တပ်တွေကနေ အခုလ ဒုတိယအပတ်လောက်တည်းကစပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တာတွေ အကြိမ်ကြိမ် ပြုလုပ်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် အနောက်မော်တုန်းကျေးရွာက ဘုန်းကြီးကျောင်းဆောင် လက်နက်ကြီး ထိမှန်ခဲ့သေးတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာတော့ လက္ကူးကျေးရွာအုပ်စု မြဒေါင်ရွာအနီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်၊ မနက် ၈ နာရီကနေ ၉ နာရီဝန်းကျင်အထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက အနီးကပ် ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ရဲဘော် ၇ ဦးကျတယ်။ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှု အတိအကျနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ပြည်သူ့ကာကွယ်ရေးဘက်က ၁၄ ဦးကျရှုံးပြီး M-4 သေနတ် ၅ လက်၊ M-16 ၁ လက်၊ AK ၁ လက်၊ ကျည်ကတ် ၇ ခု သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတလျှောက် နယ်မြေဒေသ စိုးမိုးရေးနဲ့ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးရယူ နေ့စဉ် စစ်ဆေးဆောင်ရွက်နေတယ်လို့ တောင်ပိုင်း ဒုစစ်ဒေသခွဲကနေ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်က ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်လမ်းဝဆီဆိုင်အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို မနက် ၈ နာရီကနေ ၁၁ နာရီခန့်ထိ စစ်ဆေးခဲ့ကြတာပါ။

တောင်ပိုင်းဒုစစ်ဒေသခွဲ တာဝန်ရှိသူက “ယာဉ်တွေပေါ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာခြင်း ရှိ၊ မရှိ၊ စစ်ကောင်စီလက်အောက်ခံ တပ်တွေအတွက် လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြတာဖြစ်ပြီး အခုလို ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်မောင်းတွေဟာ အပြည့်အဝ ကူညီလိုက်နာပေးခဲ့ကြတယ်” လို့ ပြောပါတယ်။

ခရီးသွားယာဥ်မောင်းတယောက်က “အခုလို လက်နက်ကိုင်တပ်တွေ စစ်ဆေးနေတာ မှန်ပေမဲ့ ကားက မရပ်မိသလိုဖြစ်ပြီး သေနတ်ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်လည်း ရှိထားခဲ့ကြတယ်။ အရပ်သား ထိခိုက်ခဲ့တာမျိုးလည်း ကြုံရတယ်” လို့ ပြောပါတယ်။

ဒေသခံတယောက်က “အဲဒီလမ်းမှာ ဒေသကာကွယ်ရေးတပ်တွေ နယ်မြေစိုးမိုးထားပြီးတဲ့နောက် အရင်ကလို တိုက်ပွဲတွေ သိပ်ပြီး မဖြစ်သလောက်ပါ။ အရင်က စစ်တပ်ဘက်က လူ ရိက္ခာ သယ်ဆောင်သွားနေတဲ့လမ်းလည်း ဖြစ်တယ်၊ PDF တွေက ခြုံခိုတိုက်ခိုက်ခံရတာ အများဆုံးခံရတဲ့လမ်းလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ KNLA တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေ တင်‌ေဆာင်ခြင်း လုံးဝမပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013