DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ဆန်ဈေးထက် ပိုသက်သာတဲ့ မူးယစ်ဆေး
DVB
·
September 20, 2023
ဆန်ဈေးထက် ပိုသက်သာတဲ့ မူးယစ်ဆေး
Donate to DVB

“သားကြီး ဘယ်လောက်ဖိုးယူမလဲ၊ များများယူရင် ပိုထည့်ပေးမယ်” လို့ မူးယစ်ဆေးရောင်းသူ မင်းမင်း(အမည်လွှဲ)က သူ့ဖောက်သည်ကို ပြောလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဈေးနှုန်းတွေကလည်း အရင်ကထက် ပိုသက်သာလာသလို ပေါပေါလောလောနဲ့ ပေါ်ပေါ်ထင်ထင်ရောင်းတဲ့ နေရာတွေကလည်း ပိုမိုများပြားလာပြီး သုံးစွဲသူတွေကလည်း ပိုများပြားလာခဲ့ပါတယ်။

မင်းမင်းက ရန်ကုန်မြို့ အခြေခံလူတန်းစားအများစု နေထိုင်တဲ့ ရပ်ကွက်တခုမှာ မူးယစ်ဆေး ရောင်းတာဖြစ်ပြီး သူ အဓိကရောင်းတာကတော့ ဆေးခြောက်နဲ့ WY ကို အဓိက ရောင်းပါတယ်။ သူ့ဆီမှာ လာဝယ်သူလည်း မနည်းလှပါဘူး။

အဲ့ဒီလိုရောင်းချနိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဆက်ကြေးပေးထားရပြီး သုံးရက်တခါ၊ တပတ်တခါ လိုင်းကြေးတွေကို ရပ်ကွက်တွေထဲအထိ စစ်ကားတွေနဲ့ သွားရောက်ကောက်ခံလေ့ ရှိပါတယ်။

“အသီး (WY) ဈေးနှုန်းကတော့ အရည်အသွေးအလိုက် အစားစားရှိတာပေါ့။ ယိုးဒယားသီးကတော့ အမြင့်ဆုံးပဲ။ ပျံကျရပ်ကွက်ထဲက လူတွေကတော့ ယိုးဒယားသီး သိပ်မသုံးကြဘူး။ အနိမ့်ဆုံး ၇၀၀ တန်လောက်ပဲ တလုံးစ နှစ်လုံးစ လာဝယ်တာမျိုးပဲ ရှိတယ်။ ဆေးခြောက်ကတော့ တထောင်တန်ကနေ တသောင်းတန်အထိ လိုသလောက်ရတယ်” လို့ မင်းမင်းက ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာဆိုရင် မြို့နယ်အလိုက် WY ဈေးနှုန်းတွေက တူညီမှုမရှိပဲ ၇၀၀ တန်ကနေ ၁,၅၀၀ အထိ ဈေးပေါက်နေပြီးတော့ ဆယ်လုံး တစီး ယူမယ်ဆိုရင် ဈေးနှုန်းတမျိုး၊ အလုံး ၅၀၊ ၁၀၀ စသဖြင့် များများယူမယ်ဆိုရင်တော့ ဈေးနှုန်းတမျိုးနဲ့ ရောင်းချနေကြတာဖြစ်ပြီး များများမှာယူရင် အလုံးရေ ပိုရရှိပါတယ်။

မင်းမင်းတို့နေထိုင်တဲ့ ရပ်ကွက်ထဲမှာတော့ လူငယ်တော်တော်များများက WY သုံးစွဲနေကြတာ ဖြစ်ပြီး မနက်ပိုင်း တလုံးလောက် လာရောက်ဝယ်ယူပြီး လူရှင်းတဲ့နေရာတွေမှာ သွားရောက် သုံးစွဲတတ်ကြပါတယ်။ ကုန်ပြီဆိုရင်တော့ နောက်ထပ် တလုံး ထပ်မံဝယ်ယူဖို့အတွက် ကြိုးစားအားထုတ်ရပါတော့တယ်။

ဆေး တပြား ဝယ်ယူဖို့အတွက် တချို့လူငယ်တွေဟာ ရပ်ကွက်ထဲ ဒါမှမဟုတ် လူစည်တဲ့ ဈေးလိုနေရာတွေမှာ အကြွေ ၁၀၀ လောက် ပေးပါဆိုပြီး လိုက်လံ တောင်းရမ်းတတ်ကြပါတယ်။

တချို့လူငယ်တွေကတော့ ရေသန့်ဘူးခွံ၊ ပုလင်းခွံတွေကောက်ကာ ရောင်းချပြီး ငွေရှာသလို တချို့ကတော့ ပစ္စည်းခိုးဝှက်တာတွေလုပ်ပြီး ငွေရှာတာတွေ လုပ်နေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

ဦးဇော်(အမည်လွှဲ)က “အခုနောက်ပိုင်း လူငယ်တွေက အလုပ်မလုပ်ကြတော့ဘူး။ တနေ့ တနေ့ အသီးရှူဖို့အတွက်ပဲ ခိုးဝှက်တာကအစ လုပ်နေကြတာ။ လူမလစ်ရဲဘူး၊ လစ်တာနဲ့ စက်ဘီးဆိုစက်ဘီး၊ ဆိုင်ကယ်ဆို ဆိုင်ကယ် ပျောက်တာ။ လမ်းဘေးမှာချထားတဲ့ ကော်အမှိုက်ပုံးတွေကအစ ပျောက်တာ။ ရပ်ကွက်လူကြီးတွေကလည်း ထိန်းကွပ်မှုမရှိဘူး။ မူးယစ်ဆေးကလည်း ပေါ၊ လူငယ်တွေက အလုပ်အကိုင်ကလည်း မရှိတော့ ဝေတေတေနဲ့ မူးယစ်ဆေးသားကောင်တွေ ဖြစ်ကုန်တာ။ လုယက်မှုတွေ၊ လူသတ်မှုတွေဖြစ်တာ မနည်းတော့ဘူး”လို့ အဖြစ်အပျက်တွေကို ရှင်းပြပါတယ်။

ဒါ့အပြင် တခြားနေရာတနေရာကနေ WY လာရောက်ဝယ်သူ တဦးက မင်းမင်းတို့လို မူးယစ်ဆေးရောင်းတဲ့ နေရာတွေအထိ မလာဘဲ သူတို့နဲ့သိတဲ့ မူးယစ်ဆေးသုံးတဲ့ လူငယ်တွေကို စေလွှတ်ပြီး ဝယ်ယူခိုင်းတာမျိုးတွေကြောင့် ဝယ်ပေးခအဖြစ် မုန့်ဖိုးရရှိတတ်ကြပါတယ်။ မင်းမင်းတို့ကလည်း သူ့ဆီမှာ လာဝယ်ပေးတဲ့အတွက် လက်ဆောင်အဖြစ် WY တလုံး ဒါမှမဟုတ် နှစ်လုံးလောက် လက်ဆောင်ပေးတတ်ကြပါသေးတယ်။

“ရောင်းတဲ့သူက ကိုယ်တဦးတည်းမဟုတ်တော့ လာဝယ်ရင် ငါ့ဆီလာခဲ့လို့ ကောင်လေးတွေကို မှာထားတယ်။ များရင် များသလောက် မင်းတို့အတွက် လက်ဆောင်ရမယ်လို့ မှာထားတော့ အမြဲလာဝယ်ပေးတတ်ကြတယ်။ ဒီကောင်တွေက လက်ဆောင်ရတာကိုလည်း သုံးတယ်။ မုန့်ဖိုးရတာကိုလည်း ထပ်ဝယ်ပြီး သုံးကြသေးတာ။ ရပ်ကွက်ထိပ်မှာဆို ဒီကောင်တွေ အမြဲတမ်းရှိတယ်။ သိပ်ပြီး မလစ်သေးတဲ့ကောင်ပေါ့။ လစ်တဲ့ကောင်ဆိုရင် ရေသန့်ဘူးကောက်တာ ဘာညာ လုပ်ကြတာပေါ့။ မျက်နှာစိမ်းတယောက် တွေ့ပြီဆိုရင် အစ်ကို ဘာလိုလဲ၊ ဘာလုပ်ပေးရမလဲနဲ့ ဖောက်သည်ရှာပေးကြတာ။ တခြားရောင်းတဲ့သူတွေလည်း အဲ့ဒီလိုကောင်လေးတွေ မွေးထားတာပဲ” လို့ မင်းမင်းက ပြောပါတယ်။

ဒီလို ကိုယ်စားစေလွှတ်ပြီး ဝယ်ယူခိုင်းတာတွေကြောင့် ငွေအလိမ်ခံရတာတွေနဲ့ WY အတုတွေပေးပြီး လိမ်ရောင်းတာမျိုးတွေလည်း ရှိနေတယ်လို့လည်း သိရပါသေးတယ်။ အဲ့ဒီလို လိမ်လည်မှုတွေကြောင့် မင်းမင်းတို့ရပ်ကွက်မှာဆိုရင် ဓားထိုးမှု မကြာခဏဖြစ်လေ့ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း မသိကျိုးကျွံ ပြုထားတတ်ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးလောကဟာ အရင်ကထက် ပိုမိုတွင်ကျယ်လာပြီး ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာမဆို မူးယစ်ဆေးဝယ်နိုင်တဲ့အတွက် ဈေးနှုန်းတွေကလည်း ဆန်တလုံးဖိုးထက် ပိုမိုသက်သာလာတာကြောင့် လူငယ်တွေဟာ မိမိတို့နေအိမ်အတွက် ဆန် တလုံး ဝယ်ယူပေးဖို့ထက် WY တလုံး ရရှိရေးအတွက်သာ ပိုမိုကြိုးစား အားထုတ်နေကြတာပါ။

အာဏာမသိမ်းခင်က ရန်ကုန်မြို့မှာ WY ဆေးပြားတပြားကို ကျပ် ၁,၅၀၀ ကနေ ကျပ် ၂,၀၀၀၊ ၂,၅၀၀ လောက်အထိ ဈေးပေါက်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း WY တလုံးကို ကျပ် ၇၀၀ လောက်အထိ ပေါပေါလောလော ဝယ်နိုင်ပေမဲ့ ပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်တခု ဖြစ်တဲ့ ဆန်ဈေးကတော့ မူးယစ်ဆေးဈေးနှုန်းထက် အဆမတန် မြင့်တက်နေပါတယ်။

အခုအခါ ရွှေဘိုပေါ်ဆန်း‌မွှေး ၁ ပြည်ကို ကျပ် ၇,၀၀၀၊ လက်ရှိရောင်းချနေတဲ့ ဧည့်မထဆန် တပြည်ကို ၂,၅၀၀၊ ဆန်ကွဲတပြည်ကို ၂,၈၀၀ လောက်အထိ ဈေးကြီးနေတာကြောင့် မူးယစ်ဆေးဈေးနှုန်းတွေနဲ့ယှဉ်ရင် အဆမတန် ကွာဟနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုတွေဖြစ်နေရတာဟာ အာဏာသိမ်းတဲ့ အကြောင်းအရင်းနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့လို စစ်ဗိုလ်ချုပ်တွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပြည်သူတွေဟာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ဆန်တပြည်ထက် မူးယစ်ဆေးပြား တပြားကို ပိုမိုလွယ်ကူစွာ ဝယ်ယူရရှိနေကြတာလည်း ဖြစ်ပါတယ်။

အောင်ကြီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013