DVB Logo
Home
မြန်မာသတင်း
မင်းကင်း ဖလပ်မော်တော်တိမ်းမှောက်မှုမှ အလောင်း ၁၀ လောင်းတွေ့ရှိ၊ လူ ၂၀ ကယ်ဆယ်နိုင်
DVB
·
September 20, 2023
မင်းကင်း ဖလပ်မော်တော်တိမ်းမှောက်မှုမှ အလောင်း ၁၀ လောင်းတွေ့ရှိ၊ လူ ၂၀ ကယ်ဆယ်နိုင်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရှဲကျေးရွာအနီး ချင်းတွင်းမြစ်ထဲမှာ စက်တင်ဘာ ၁၉ ရက် မနေ့က  နစ်မြှုပ်သွားတဲ့ ဖလပ်မော်တော်တစီးမှာ ပါသွားသူတွေထဲက အလောင်း ၁၀ လောင်း တွေ့ရှိထားကာ အများအပြား ပျောက်ဆုံးနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်း တာမခံဘက်ကနေ လူ ၁၀၀ ကျော်လိုက်ပါလာတဲ့ ဖလပ်မော်တော် ၁၃ စီးထဲက ၁ စီးဟာ မနေ့မနက်ပိုင်းက ရှဲရွာဆိပ်ကမ်းက လူ ၄ ဦးကို ဝင်ခေါါပြီး ပြန်အထွက်မှာ ပဲ့မနိုင်ဘဲ ရှဲနတ်တောင်‌လို့ခေါ်တဲ့ ကျောက်ဆောင်ကို ဝင်တိုက်ပြီး တိမ်းမှောက် နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံရွာသားတဦးက “အဲဒီ ပဲ့ထိန်းသူက တောင်ဖြူရွာက ‌ပျူစောထီးခေါင်းဆောင် ကိုနိုင်ဝင်းဇော်လို့ သိထားတယ်။ ကိုနိုင်ဝင်းဇော်ကတော့ လက်တဖက်ကျိုးကျေ ဒဏ်ရာရရှိခဲ့တယ်။ သူနဲ့အတူ မိန်းကလေး ၅ ယောက်လည်း အသက်မသေဘဲ ကမ်းပေါ် တက်လာနိုင်ခဲ့တယ်။ ကျနော်တို့ ညနေ ၄ နာရီအထိ သတင်းရထားတာက ရှဲနတ်တောင်ရဲ့ အောက်ဘက် ဝဲပြန်ထဲကနေ အသက်မသေဘဲ လူ ၂၀ ကယ်တင်ထားနိုင်ပြီး သေဆုံးလျက်နဲ့ ပြန်တွေ့တာက အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း အလောင်း ၁၀ လောင်းအထိတွေ့ရှိထားတယ်”လို့ ပြောပါတယ်။

ဖလပ်မော်တော်တိမ်မှောက်လို့ အနီးအနားဒေသခံတွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ချင်ကြပေမဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှာကြောက်ကြတာကြောင့် မကူညီရဲကြဘူးလို့ ဆိုပါတယ်။

မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုသူရိန်က “စစ်ကောင်စီ ထောက်ခံပြီး ပျူစောထီး လုပ်နေတဲ့ ရွာတွေအနီးမှာ ဖလပ်မော်တော် မှောက်တာဆိုတော့ ကျနော်တို့ PDF နဲ့ ဘာမှသက်ဆိုင်မှုမရှိဘူး။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး တိမ်းမှောက်တာလည်း မဟုတ်ဘူး။ သူတို့အလိုလို ဝဲပြန်ကို ပဲ့ထိန်းတာ မနိုင်ဘဲ ကျောက်ဆောင်ကိုတိုက်ပြီး နစ်မြုပ်တာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီတပ်က ယားရွာဘက်ကမ်းကို မော်‌တော်တွေနဲ့ကူးကာ မြစ်ကမ်းဘေး ယာစောင့်တဲတွေ မီးရှို့ခဲ့ပြီး ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းဒေသခံတဦးက “ကျနော်တို့ မင်ကင်းမြို့နယ်ထဲကို စက်တင်ဘာ ၁၇ ရက်နေ့က ရောက်လာတာဗျ။ အဲဒီနေ့မှာ မင်းကင်းမြို့အနီးက တောင်ယာတောရွာမှာ ညအိပ်တယ်။အဲ ရွာအနီးအနားက ကျီးတောင်ဦးရွာ၊ ကန်ရွာ စတဲ့ ပျူရွာက ဒေသခံတွေ တင်ဆောင်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ကျတော့ တောင်ဖြူပန်းဆက်ရွာ ဆိပ်ကမ်းကို ကပ်ပြီး စခန်းထပ်ချတယ်။ ညနေခင်း ၅ နာရီကျော် လောက်ကျတော့ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ယားရွာဘက်ကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တိုက်ပွဲဖြစ်ကြသေးတယ်” လို့ ပြောပါတယ်။

အဆိုပါဖလပ်မော်တော်ပေါ်မှာ ကျောင်းသား၊ ကျောင်းသူ နဲ့ Non-CDM ဝန်ထမ်းတွေ၊ ပျူစောထီးမိသားစုဝင်တွေနဲ့ ကျောက်ကုမ္ပဏီဝန်ထမ်းအချို့အပါအဝင် လူဦးရေ ၁၀၀ ကျော် လိုက်ပါ လာတာလို့  သေဆုံးသူအများအပြားရှိနိုင်တယ်လို့ ဒေသခံတွေကပြောဆိုကြပေမဲ့ စစ်ကောင်စီတာဝန်ရှိသူတွေဘက်က တစုံတရာသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ ခု အောက်တိုဘာ ၁၅ ရက်ကလည်း ကနီမြို့နယ် မိချောင်းတွင်းရွာအနီး အောင်စိုးမိုးကျော် လူစီးအမြန်မော်တော်တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည်အများအပြား သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013