
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဩဂုတ်လကုန်အထိ မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသူ အယောက် ၂၀ အထိရှိလာကာ ဒဏ်ရာရသူ ၃၇ ဦးထိ ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ထံကနေ သိရပါတယ်။
အာဏာသိမ်းပြီးစမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုစာရင်းကို သတိမထားမိခဲ့ပေမဲ့ ထိခိုက်သေဆုံးမှု အချက်အလက်တွေ ကောက်ယူရာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ အများစုရှိခဲ့တာကို သတိထားမိခဲ့တယ်လို့ CHRO က ဆိုပါတယ်။
CHRO အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က “အစက သတိမထားမိခဲ့တဲ့ သေဆုံးမှုအကြောင်းအရင်းပေါ့နော်၊ နောက်ပိုင်းမှာ ကျနော်တို့က မြေမြှုှုမိုင်းနဲ့ ပတ်သက်တဲ့ အစီအစဉ်တစ်ခု သီးသန့်ထားပြီး စာရင်းတွေ ကောက်ယူနေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ ရွာပတ်လည်မှာ မြေမြှုပ်မိုင်းတွေ ထားခဲ့တာကြောင့် ရွာသားတွေ နင်းမိသူ၊ စစ်ကောင်စီတပ် စစ်ကြောင်းတလျှောက်က လမ်းကြောင်းတွေမှာ ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကို ဒေသခံတွေက ကျွဲ၊ နွား တိရစ္ဆာန် ကျောင်းရင်း နင်းမိသူနဲ့၊ တောထဲ စစ်ကောင်စီ စခန်းချရာမှာ ထောင်ခဲ့တဲ့ မိုင်းတွေကို ဒေသခံတွေက အသီးအရွက်ခူးရင်း နင်းမိသူတွေရဲ့ စာရင်းတွေကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၉ ဦး၊ အခု နှစ် ၈ လအတွင်းမှာ ၇ ဦးအထိ ရှိခဲ့ပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုဟာ ချင်းပြည်နယ်ရဲ့ မြို့နယ်တွေအနှံ့အပြားမှာ ဖြစ်ပွားပြီး ပလက်ဝမြို့နယ်မှာတော့ အများဆုံးဖြစ်ပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးရှိပြီး ၂၀၂၁ ခုနှစ်မှာ ၂ ဦး၊ ၂၀၂၂ မှာ ၁၇ ဦး၊ အခုနှစ် ၈ လအတွင်းမှာ ၁၈ ဦး အသီးသီးရှိခဲ့ပါတယ်။










