
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ တရက်တည်း စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲ ၅ ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သိရပါတယ်။
မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းရွာအနီး ၂ ကြိမ်၊ အောက်ညောင်ကုန်းနဲ့ အထက်ညောင်ကုန်းရွာအကြား ၁ ကြိမ်၊ အထက်ညောင်ကုန်းနဲ့ ကုန်းစံအကြား ၁ ကြိမ်၊ ဖြူရောင်ရွာအနီး ၁ ကြိမ် စုစုပေါင်း တိုက်ပွဲ ၅ ကြိမ် ပွားခဲ့တယ်လို့ ဆိုပါတယ်။
“မိုးကုတ်အရှေ့ပိုင်း ဗျူဟာကုန်းကနေ တနေကုန် လက်နက်ကြီးနဲ့ထုနေတာ၊ အချက်ရေ မနည်းဘူး၊ ကုန်းစံရွာဘက်ကိုပစ်နေတာ။ ပန်းမထိပ်ရွာကဆိုရင် အိမ်ခေါင်မိုးပေါ်တောင် အစတွေ လာစင်တယ်၊ တခါပစ်ရင် အိမ်တောင်တုန်တယ်” လို့ မိုးကုတ်မြို့အရှေ့ပိုင်းနေ ဒေသခံတဦးက ပြောပါတယ်။
အောက်ညောင်ကုန်းရွာအနီးကို စစ်ကောင်စီတပ် တပ်မ (၄၄)/ ခမရ - ၁၀၂၊ ၁၀၄၊ လပခ/ခလရ - ၈၈ က စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီအချိန်မှာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တဲ့အပြင် အထက်ညောင်ကုန်းရွာနဲ့ ကုန်းစံရွာအကြားသို့ စစ်ကောင်စီတပ် လပခ/ ခလရ - ၈၈ က နေ့လယ် ၁ နာရီလောက် ထပ်မံထိုးစစ်ဆင်လာတာကြောင့် တအာင်းလွတ်မြောက်ရေးတပ် (TNLA) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြူရောင်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ အောက်ညောင်ကုန်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အထက်ညောင်ကုန်းနဲ့ ကုန်းစံရွာကြားက စစ်ကောင်စီတပ်စခန်းတွေကို စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ချက်ထားပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့ စက်တင်ဘာ ၁၀ ရက်နေ့ကစတင်ပြီး မြို့ပြင်ကျေးရွာတွေမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်နေရပါတယ်။
မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်တွေကို TNLA နဲ့ မိုးကုတ်အခြေပြုတပ်ရင်းတွေ ပူးပေါင်းပြီး တိုက်ခိုက်နေတာလို့ မိုးကုတ်အခြေပြုတပ်ရင်းများကသတင်းထုတ်ပြန်ထားပေမယ့် မြေပြင်မှာ စစ်ရေးတင်းမာနေတာကြောင့် နှစ်ဖက်ကျဆုံးမှုအခြေနေအသေးစိတ်ကို ဆက်သွယ်လို့ မရသေးပါဘူး။










