DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား ပယင်းကုန်ကြမ်း ဈေးတက်နေသဖြင့် ကုန်ချောထုတ်သူများ အဆင်မပြေ ဖြစ်နေ
DVB
·
September 20, 2023
မြစ်ကြီးနား ပယင်းကုန်ကြမ်း ဈေးတက်နေသဖြင့် ကုန်ချောထုတ်သူများ အဆင်မပြေ ဖြစ်နေ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနား ကျောက်မျက်ဈေးမှာ တနိုင်းမြို့နယ် ဟူးကောင်းလွင်ပြင် ဒေသထွက် တနိုင်း ပယင်းကုန်ကြမ်းတွေ ဈေးဆက်တိုက်တက်လာပြီး ကုန်ကြမ်းတွေကို ဈေးကြီးပေးဝယ်နေရတဲ့အပြင် ကုန်ချောအထည်ဈေးတွေက ဈေးတက်ရောင်းချဖို့ မလွယ်ကူသေးတာမို့ ကုန်ချောထုတ်လုပ်တဲ့သူတွေ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။

ပယင်းကုန်ချောအထည် လုပ်ငန်းလုပ်ကိုင်သူတဦးက  “ကုန်ကြမ်းတွေက ဈေးအရမ်းတက်တယ်။ ဒီနားကအပုံဆို သိန်းနှစ်ရာနဲ့ ခေါ်နေတာ။ ကုန်ချော ဈေးတက်မရတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ဇွန်လဆန်းပိုင်း စက်သုံးဆီကားတွေ အဝင်ပိတ်တာကြောင့် စက်သုံးဆီ ပြတ်လပ်ပြီး ဈေးကြီးမြင့်တာ၊ ဇူလိုင် ဒုတိယပတ်လောက်က စစ်ကောင်စီက တရားဝင်ထုတ်ပြန်တဲ့ စာမရှိပေမယ့် ပယင်းမှော် ရွှေမှော်ဘက်က ပြန်လာရသူတွေ မှော်ပိတ်လိုက်တဲ့ဖြစ်စဥ်တွေ ရှိခဲ့တာကြောင့် ပယင်းကုန်ကြမ်းတွေ ဈေးနှုန်းမြင့်တက်လာတာလို့ ဆိုပါတယ်။

“နှစ်ဝက်လောက်ထိ ပယင်းကုန်ကြမ်းဈေးမှာ ပယင်းတွေက ဖောဖောသီသီပဲ။ ခုက ပယင်းဖြတ်သားတွေကိုတောင် ရောင်းလာတာ တွေ့နေရတယ်။ ခါတိုင်းလို ပယင်းအရိုင်းတုံး အကြီးတွေ သိပ်မပါတော့ဘူး” လို့ ပယင်းဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဝိုင်းမော်ဘက်ကမ်း ပယင်းတန်းတွေမှာ ပြန်ရောင်းတဲ့ အထည်လုပ်သူတဦးကလည်း “အခု ကုန်ဈေးနှုန်းနဲ့ အချောထည်ဈေးတက်ဖို့လည်း အဆင်မပြေဘူး။ တရုတ်ဝယ်လက်တွေ ဘက်ကလည်း ဈေးမပေးဘူးလို့ ပြောပါတယ်။ လီဒိုလမ်းမကြီး ဆိုးဝါးစွာ ပျက်စီးနေတာကလည်း ပယင်းဈေးကွက်ကို သက်ရောက်မှုဖြစ်စေတာ” လို့ ပြောပါတယ်။ 

ဒီလိုအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက  စက်တင်ဘာ ၁၇ ရက်မှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) အပါအဝင် လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းလိုက်ကြောင်း ကြေညာချက်ထားပါတယ်။ 

တနိုင်းဒေသထွက် ပယင်းကို ကျန်းမာရေးအတွက် ဝတ်ဆင်ကြပြီး ဈေးနှုန်းချိုသာတဲ့ ပုတီး၊ ဆွဲကြိုး၊ လက်ပတ်၊ ဆွဲသီး၊ လက်စွပ်၊ နားကပ် စတဲ့ လက်ဝတ်ရတနာတွေ၊ ဆေးပစ္စည်းနဲ့ အလှကုန် ပုံစံမျိုးစုံပြုလုပ်ရောင်းချသလို တန်ဖိုးမြင့် အရည်အသွေးကောင်း ပစ္စည်းတွေကိုလည်း ရရှိနိုင်ပြီး  ကျောက်မျက်ဈေးမှာ Live လွှင့်ရောင်းချတာတွေကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013