
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ယာယီစခန်းတခုကနေ စစ်အာဏာရှင်တပ်သား ၃ ယောက် ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ စစ်မှုထမ်းတပ်သားတယောက် သေဆုံးခဲ့ပြီး ၂ ယောက် လွတ်မြောက်သွားတယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် ည ၉ နာရီခန့်က လေးမျက်နှာမြို့နယ် ဒေါင့်ကြီးကျေးရွာအနီးရှိ ယာယီစခန်းကနေ စစ်အာဏာရှင်တပ်သား ၃ ယောက် ထွက်ပြေးခဲ့တာလို့ ယာယီစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ထွက်ပြေးတာ သိသိချင်း လိုက်တာ။ ည ၉ နာရီကျော်မှာ ပြန်ဖမ်းမိတာ။ စစ်တပ်က လိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာ။ တယောက်က သေဆုံးသွားတယ်လို့ သိရတယ်။ ပြေးတဲ့အဖွဲ့ထဲက ၂ ယောက်က လွတ်သွားတယ်။”
ထွက်ပြေးသွားတဲ့ တပ်သားကို လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးဖို့ ကြိုးစားစဉ် ဆက်လက်ထွက်ပြေးတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ယာယီစခန်းအနီးမှာ အခြေအနေတွေ ရှုပ်ယှက်ခတ်နေပါတယ်။ အနီးအနားမှာလည်း စစ်တပ်က ပစ်ခတ်နေတယ်။ ပစ်သတ်ခံရတဲ့ တပ်သားက စစ်မှုထမ်းလူငယ်လို့ သိရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ တပ်သားနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သား ၂ ယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်းလူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လူငယ် ၃ ယောက်ဟာ ဧရာဝတီတိုင်း မအူပင်ခရိုင် ဓနုဖြူမြို့နယ်က ၂၈ နှစ်အရွယ် ၂ ယောက်နဲ့ ရန်ကုန်တိုင်းက အသက် ၂၀ ကျော်အရွယ် တယောက် ဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သား ၂ ယောက်ကို ပြန်လည်ဖမ်းဆီးရမိဖို့ လေးမျက်နှာမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ စစ်အာဏာရှင်တပ်က လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးနေသလို ယာယီစခန်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာလည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။











