Home
ဆောင်းပါး
စားမာန်ခုပ်ပွဲကြီး
DVB
·
September 19, 2023

နိုင်ငံ၏ စီးပွားရေးအခြေအနေ ဆိုးဝါးလာသည့် အနေအထားတွင် အခြေအနေမှန်ကို နားမလည် အလိုက်ကန်းဆိုးမသိ၊ ယခင်လိုပဲ သာသာယာယာနှင့် တံစိုးလက်ဆောင်များ ယူမြဲတိုင်း ယူနေကြသော စစ်ဗိုလ်ချုပ်များသည် ပေးသူများက မခံနိုင်ဖြစ်လာခြင်းနှင့် အချင်းချင်း စားမာန်ခုပ်လာကြခြင်းကြောင့် စုံစမ်းစစ်ဆေးခံနေရပြီ ဖြစ်သည်။

ထိုအထဲတွင် အာဏာသိမ်းအဖွဲ့၏ နံပါတ် ၆ အဆင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ မိုးမြင့်ထွန်းသည် ထိပ်ဆုံးက ပါဝင်လာခဲ့ပြီဖြစ်သည်။ သူ၏တပည့်ရင်းဖြစ်သူ ကုန်စည်စီးဆင်းမှု မြန်ဆန်ချော့မွေ့ရေး ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ရန်နောင်စိုးအား ဖမ်းဆီးခဲ့ပြီးနောက် ယခုလို စုံစမ်းစစ်ဆေးခံခဲ့ရခြင်းလည်း ဖြစ်သည်။

၎င်းသည် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဖြစ်သည်။ မိုးမြင့်ထွန်းသည် မင်းအောင်လှိုင်၏ တပည့်ရင်းလည်းဖြစ်ပြီး ၎င်းနေရာအား ဆက်ခံမည့်သူ အဖြစ် ထင်ကြေးပေးခံရသူလည်း ဖြစ်သည်ဟုဆိုသည်။

၎င်းသည် နိုင်ငံတော်သမ္မတဖြစ်သူ ဦးဝင်းမြင့်အား သေနတ်နှင့်ချိန်၍ ခြိမ်းခြောက် ဖမ်းဆီးခဲ့ရာတွင် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

လက်ရှိ စစ်ဗိုလ်ချုပ်များ ထုံးစံအတိုင်းပင် စစ်ရေးနှင့် အုပ်ချုပ်ရေးဘက်တွင် မည်သည့် အရည်အချင်းမျှ ထူးထူးခြားခြားမရှိဘဲ ယခင် စစ်အစိုးရ ဒုခေါင်းဆောင် မောင်အေး၏ ပီအက်စ်အိုအဖြစ်မှ ဆရာမွေး၊ တပည့်မွေးဖြင့် အဆင့်ဆင့် တက်လှမ်းလာခဲ့သူလည်း ဖြစ်သည်။

မိုးမြင့်ထွန်းနှင့် တွေ့ဆုံလိုပါက ဒေါ်လာ ၂၀၀၀၀၀ ခန့် တန်ကြေးရှိသော လက်ဝတ်ရတနာနှင့် အရက်ပုလင်းများ ပေးရသည်ဟု ဆိုသည်။ ထိုအထဲတွင် တပုလင်းလျှင် ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိ 750 ml  Louis XIII Cognac မဖြစ်မနေ ပါဝင်ရသည်ဟု သိရသည်။

ပြဿနာက ထိုမျှနှင့်မပြီးသေး၊ မင်းအောင်လှိုင်နှင့် အနီးစပ်ဆုံးဟု သတင်းကြီးနေသည့် ခရိုနီ သိန်းဝင်းဇော်အားလည်း ထိန်းသိမ်း စစ်ဆေးနေသည်ဟု ဧရာဝတီသတင်းတွင် ရေးသားထားသည်။

အင်္ဂါနေ့တွင် ၎င်းပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီရုံးချုပ်အား စစ်ကောင်စီတပ်များက ဝင်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နေပြည်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်‌ရေးအတွက် အလှူငွေများ ထည့်ဝင်ခဲ့ကြသော ခရိုနီ ၁၀၁ ပါးထဲမှ ၉၀ ရာခိုင်နှုန်း အစစ်ဆေးခံနေရသည်ဟု အတည်ပြုနိုင်ခြင်း မရှိသေးသော သတင်းများအရ သိရသည်။

ဒေါ်လာများ ပြတ်လပ်ပြီး တိုင်းပြည်စီးပွားရေး ပျက်ယွင်းလာကာ ကုန်ဈေးနှုန်းများ မြင့်တက်သွားခြင်းများသည် ၎င်းတို့ကြောင့်မဟုတ်ဘဲ မသမာသော စီးပွားရေးလုပ်ငန်းရှင် ဝိသမလောဘသားများကြောင့်ဟု မင်းအောင်လှိုင်က စွပ်စွဲခဲ့ပြီးနောက် ယခုလို အဖမ်းအဆီးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ယခုအခါ သူ၏စကားကြောင့် သူ့နှင့် အနီးစပ်ဆုံးလူများ ဖမ်းဆီးခံလာရသည်နှင့်အမျှ မင်းအောင်လှိုင်၏ အာဏာသည် ချည့်နဲ့လာနေပြီ ဖြစ်သည်။ အားလုံးကလည်း မိုးမြင့်ထွန်း ကဲ့သို့ မြိုးမြိုးမြက်မြက်လေး ရနေကြ၍ ၎င်းပြောသမျှ လုပ်သမျှ ငြိမ်ခံနေကြခြင်းပင် ဖြစ်သည်။ ယခုအခါ ကြက်ကလေး ငှက်ကလေးလို အဖမ်းခံကြမည်လား၊ လက်ဦးမှု ယူကြမည်လား ဆိုသည်ကို ဆုံးဖြတ်ကြရတော့မည် ဖြစ်သည်။

နောက်ထပ် အရှက်ကင်းမဲ့လှသော လုပ်ရပ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ တောင်ဥက္ကလာပ၊ ဗိုလ်တထောင် မြို့နယ်များရှိ ဆိုင်များသို့ လှည့်လည်ပြီး ၎င်းတို့၏ ထုတ်ကုန်ဖြစ်သော မြန်မာဘီယာကို မဖြစ်မနေ ရောင်းချရမည်ဟု သေနတ်ပြ ခြိမ်းခြောက် တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြည်သူများက ၎င်းတို့ကုန်ပစ္စည်းများကို တညီတညွတ်တည်း သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်ပြီး ထိုစဉ်က မသိလိုက် မသိဘာသာ နေခဲ့ကြသော်လည်း ယခုအခါ ဝင်ငွေများ သိသိသာသာ ကျဆင်းလာနေပြီဖြစ်၍ ယခုလို ကြံရာမရ လုပ်လာကြခြင်းပင် ဖြစ်သည်။

ဆိုင်ရှင်များကလည်း ဝယ်သူမရှိ၍ တင်မရောင်းတာ ဖြစ်သည်ဆိုသော အဖြေကိုလည်း ၎င်းတို့ ကျေနပ်ကြခြင်း မရှိပေ။

၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အခြား တော်လှန်ရေးအဖွဲ့များက စစ်တပ်၏ ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ အက်ဒမန်ဂိုးလ်၊ ဒဂုန်ဘီယာနှင့် အဖျော်ယမကာ၊ မန္တလေးဘီယာနှင့် ရမ်၊ ဘလက်ရှီးလ် စတောက် ဘီယာ၊ အာမီရမ်၊ ရက်ရူဘီ နှင့် ပရီမီယမ် စီးကရက်များအား သပိတ်မှောက် ဒဏ်ခတ်ကြရန် တောင်းဆိုထားပြီး ဖြစ်သည်။

လာအိုမှ အာဆီယံဥက္ကဋ္ဌလုပ်မည့်နှစ်အတွက် အမေရိကန် ကြိုတင်ပြင်ဆင်လာ

လာမည့်နှစ်တွင် လာအိုမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့အပေါ် ဖိအားပေးမှုများ အဆုံးသတ်မသွားစေရန် အမေရိကန်မှ စတင်ဆောင်ရွက်နေပြီဟု ထိတ်တန်းသံတမန်တဦးဖြစ်သူ အရှေ့တောင်အာရှရေးရာ တာဝန်ခံ၊ အရှေ့အာရှနှင့် ပစိဖိတ် ဒေသ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မယ်လစ်ဆာ ဘရောင်းမှ အမေရိကန် အောက်လွှတ်တော် တွန် လန်တို့စ် လူ့အခွင့်အရေးကော်မရှင် ကြားနာပွဲတွင် ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် တာဝန်ခံမှုရှိရေး၊ အာဆီယံ၏ ဘုံရပ်တည်ချက် ငါးရပ်အပေါ် တိုးတက်မှုများ ဖော်ဆောင်ရန်နှင့် အာဆီယံအဖွဲ့အတွင်း ၎င်းတို့ တရားဝင်ရပ်တည်ပိုင်ခွင့် မရှိစေရန် ကိုယ်ဖိရင်ဖိ ဦးစီးဦးဆောင် ပြုလုပ်သွားမည်ဟု ဆိုသည်။

လာအိုသည် လူဦးရေ ၇ ဒသမ ၅ သန်းသာရှိသော သေးငယ်သည့် နိုင်ငံငယ်လေးလည်း ဖြစ်၍ အမေရိကန်မှ တတ်နိုင်သမျှ ကူညီသွားမည်ဟု ဆိုသည်။

အမေရိကန်မှ မည်သို့မည်ပုံ ပြင်ဆင်နေသည်ကို ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။ လေ့လာသူများကမူ လာအိုသည် တရုတ်၏ ဖိအားပေးမှုဖြင့် မြန်မာအပေါ် ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာမည့်အရေးကို စိုးရိမ်လျက် ရှိနေကြသည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။

သို့သော် ပြီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအရေးအပေါ် စိတ်ဝင်စားခြင်း မရှိ၊ တုံဏှိဘာဝေ နေခဲ့ကြသော နိုင်ငံများကပင် အာဏာသိမ်းအဖွဲ့အပေါ် ရွံရှာ စိတ်ကုန်လာကြသည့် လက္ခဏာများ တွေ့လာခဲ့ရသည်ဟု South China Morning Post သတင်းစာတွင် ရေးသားထားသည်။

ယင်းသည် ယခင်ကထက်ပို၍ ပြင်းထန်သော စကားလုံးများဖြင့် မြန်မာစစ်တပ်အား ခေါင်းစဉ်တပ် ရှုတ်ချထားသည့် ကြေညာချက်ကို သဘောတူခဲ့ကြခြင်း၊ သုံးနိုင်ငံပေါင်း ဖြေရှင်းသွားမည့် အစီအစဉ်ကို လက်ခံခဲ့ကြခြင်းနှင့် ပို၍ အရေးကြီးဆုံး အချက်အဖြစ် ၂၀၂၆ အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးအား “မိမိတို့ သဘောအလျောက် ရွှေ့ဆိုင်းပါသည်” ဟု ဖော်ပြ‌ပေးရန် အာဏာသိမ်းအဖွဲ့၏ တောင်းဆိုချက်အစား ဥက္ကဋ္ဌတာဝန်ကို ရပ်ဆိုင်းပြီး ဖိလစ်ပိုင်ကို လွှဲပြောင်းပေးသွားမည်ဟု တညီတညွတ်တည်း ဖော်ပြခဲ့ခြင်းတို့ ဖြစ်သည်။

အမေရိကန်ကွန်ဂရက် ကြားနာပွဲသို့ တက်ရောက်လာခဲ့သော ကုလ လူ့အခွင့်အရေးတာဝန်ခံ တွမ် အင်ဒရူးမှ စစ်တပ်အား ဂျက်လေယာဉ်ဆီ ပံ့ပိုးပေးနေသူများအပေါ် အမေရိကန်၏ ဒဏ်ခတ်အရေးယူခဲ့မှုနှင့် စစ်တပ်၏ ပြည်ပကုန်သွယ်ရေးတွင် အဓိကကျသည့် ဘဏ်နှစ်ဘဏ်အား အရေးယူခဲ့မှုများအပေါ် ချီးကျူးပြောဆိုသွားခဲ့သည်။

ထိုလုပ်ရပ်များကြောင့် စင်ကာပူနှင့် ဘင်္ဂ‌လားဒေ့ရှ်ရှိ ဘဏ်များသည်လည်း အမေရိကန် ဘဏ္ဍာရေးအသိုက်အဝန်းတွင် နာမည်ပျက်မည့်အရေး စိုးရိမ်လာကြပြီး ဒေါ်လာသန်းပေါင်းများစွာရှိ စစ်တပ်ပိုင် ငွေစာရင်းများကို ထိန်းချုပ်လာခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းအဖွဲ့သည် စစ်တပ်ကို အမာခံ အင်အားအဖြစ် အသုံးချနေကြောင်း၊ စစ်တပ်မရှိဘဲ ၎င်းတို့ မည်သို့မျှ ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ဟုလည်း ပြောခဲ့သည်။ သို့သော် စစ်တပ်သည်ပင် ၎င်းတို့အတွက် အားနည်းချက်တရပ် ဖြစ်လာနေကြောင်း၊ စစ်သားများကို လစာပေး ကျွေးမွေးနေရခြင်းနှင့် နောက်ဆုံးပေါ်လက်နက်များအား ထိန်းသိမ်း မွမ်းမံနေရသည့် စရိတ်စကများ ထောင်းလာနေပြီဖြစ်၍ ၎င်းတို့၏ အားနည်းချက်ကို အခွင့်အရေးတရပ်အဖြစ် အသုံးချရမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

ယင်းသည် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်ရေး စက်ကွင်း၏ ဗဟိုချက်မလည်းဖြစ်ပြီး ယခု အစပင် ရှိသေးကြောင်းနှင့် နောက်ထပ် စက်ကွင်း၏ဗဟိုချက် ဖြစ်လာနိုင်သည့် ပစ်မှတ်များ ဆက်လက်ရှာဖွေသွားရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုအထဲတွင် ၎င်းတို့အတွက် ဝင်ငွေများ အဓိက ပံ့ပိုးပေးနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ထိပ်ဆုံးမှ ရှိနေသည်ဟုလည်း ထောက်ပြသွားခဲ့သည်။

ပြည်သူများကလည်း မိမိတို့ တတ်နိုင်သည့်ဘက်မှ ၎င်းတို့ ဝင်ငွေရရာရကြောင်း ဖြစ်နေသည့် ကုန်ပစ္စည်းများကို ဒဏ်ခတ် သပိတ်မှောက်ကြဖို့လည်း လိုအပ်လာနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ၎င်းတို့ ထိုသို့ ဖရိုဖရဲ ဖြစ်လာနေချိန်တွင် အောင်ပွဲအရှိန်ကို မြှင့်တင်ရပေတော့မည်။ ထိုသို့ မြှင့်တင်ခြင်းဖြင့် ဘာမဟုတ်သည့် ကိစ္စများကို သမ္မတကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ကိုယ်တိုင် ထွက်၍ ဖြေရှင်းနေရသည့် ကိစ္စများလည်း ကင်းဝေးသွားမည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024