
တရုတ်နိုင်ငံတဝန်းမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေလို့ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေ လုပ်ဆောင်နေရပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းက ကျိလင်းပြည်နယ်ရဲ့ မြို့တော်ချန်ချွန်းမှာ ဩဂုတ် ၁ ရက် ညက လေပြင်းတိုက်ခဲ့ပြီး တနာရီအတွင်း အများဆုံးမိုးရေချိန် ၃၂ ဒသမ ၂ မီလီမီတာအထိ သွန်ချသလို မိုးရွာခဲ့လို့ မြို့ပြဒေသတချို့မှာ ရေကြီးရေလျှံခဲ့ပါတယ်။
နေရာတချို့မှာ မိုးကြိုးမုန်တိုင်းတွေ လေပြင်းတိုက်ခတ်တာတွေ ဖြစ်မယ်လို့ မျှော်လင့်ထားပြီး မိုးသည်းပြီး ရေကြီးရေလျှံမဲ့ အခြေအနေအတွက် အဝါရောင်သတိပေးချက်ကို ပြည်နယ် မိုးလေဝသဗျူရိုက ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
ကျိလင်းဒေသတွင်း နေရာ ၂ ခုမှာ ရေကြီးရေလျှံမှုအတွက် သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပြည်နယ်အတွင်း ဝမ်ကျင်းခရိုင်မှာ လွန်ခဲ့တဲ့ ၂ ရက်က ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရပြီး ရေကြီးရေလျှံမှုအသစ်တခု ထပ်ကြုံရနိုင်လို့ ခရိုင်ထဲမှာ တုံ့ပြန်မှုကို အဆင့်-၄ ကနေ အဆင့်-၃ ထိ မြှင့်တင်ခဲ့ပါတယ်။
မြို့နယ် ၈ ခုမှာရှိတဲ့ ရွာ ၉၃ ရွာက အန္တရာယ်များတဲ့ နေရာတွေကနေ လူ ၈,၃၇၅ ယောက်ကို ရွှေ့ပြောင်းပေးခဲ့ပြီး အန္တရာယ်ရှိတဲ့ နေရာတွေကို သဲအိတ်တွေ ကျောက်စရစ်တွေနဲ့ အားဖြည့်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလောင်ကျန်းပြည်နယ် ဟိုင်လင်မြို့မှာ ရက်ပေါင်းများစွာ မိုးသည်းခဲ့လို့ မြေနိမ့်ပိုင်းဒေသတွေက ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မိုးဆက်ရွာနေလို့ ဝူဟူလင်မြစ်ရေ အမြန်မြင့်တက်လာပြီး တံတားရဲ့ ကွန်ကရစ်စောင်း ပြိုကျခဲ့ပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်၊ လောင်းနန်မြို့မှာ အကြာကြီး မိုးရွာထားတဲ့အပြင် အချိန်တိုအတွင်း မိုးသည်းကြီးမည်းကြီး ထပ်ရွာခဲ့လို့ ရေထုထည် တအားများလာတဲ့အတွက် ဒုတိယအဆင့် ဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားနေတယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters










