DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေဧကထောင်ချီ  ပါဝင်မည့် “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း” စတင်
DVB
·
September 19, 2023
တပ်သိမ်းမြေဧကထောင်ချီ  ပါဝင်မည့် “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း” စတင်
Donate to DVB

စစ်တပ်က မတရားရယူသိမ်းပိုက်ထားခဲ့တဲ့ ဧကထောင်ချီ တပ်သိမ်းမြေတွေကို ဖော်ထုတ်ရောင်းချမယ့် Spring Pyin Oo Lwin Investment  “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း”  စတင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

ဒီစီမံကိန်းကိုတော့ နွေဦးတော်လှန်ရေး ဒုတိယလှိုင်း၊ မဟာဗျူဟာမြောက် ထိုးစစ် (Strategic Offensive) ဖော်ဆောင်မှုနဲ့အတူ အာဏာရှင်အဆုံးသတ်နိဂုံး-The End of Dictatorship (EOD) ရဲ့ အစီအစဉ်တရပ်အဖြစ် စတင်လိုက်တာဖြစ်ပြီးတော့ ၂၀၂၂ ခု နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ NUG အစိုးရက ထုတ်ပြန်ထားတဲ့ “အကြမ်းဖက် စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာလို့ ဆိုပါတယ်။

ပြင်ဦးလွင်မြို့ဟာ ကိုလိုနီခေတ်ဦးကနေ ဒီကနေ့ခေတ်အချိန်ထိ နေချင့်စဖွယ် သာယာအေးမြတဲ့ အပန်းဖြေ တောင်ပေါမြို့လေးဖြစ်တဲ့အပြင် စစ်တက္ကသိုလ်တွေ တည်ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်က မောင်ပိုင်စီး၊ သိမ်းပိုက်ချဲ့ ထွင်ခဲ့တဲ့ မြေဧရိယာတွေ ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အာဏာရှင် အဆုံးသတ်နိဂုံးရဲ့ အစီအစဉ်တရပ်အဖြစ် မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် အကြမ်းဖက် စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ဒါမှမဟုတ် အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေက မတရားသဖြင့် သိမ်းပိုက်ရယူထားတဲ့ နိုင်ငံတော်ပိုင် ပြင်ဦးလွင်မြို့ နယ်နမိတ်အတွင်းက မြေနဲ့ အဆောက်အအုံတွေကို အများပြည်သူ အကျိုးရှိမယ့် စီမံကိန်းတွေအဖြစ် စက်တင်ဘာ ၁၅ ရက်က စတင်ပြီးတော့ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ စီမံကိန်းမှာတော့ ဧကထောင်ချီရှိတဲ့ စစ်တပ်သိမ်းမြေ၊ အဆောက်အဦးတွေ အားလုံးကို ပြန်လည်သိမ်းယူပြီး မြို့ဖွံ့ဖြိုးတိုးတက်မှု၊ တန်ဖိုးမြှင့်တင်စေမယ့် အခင်းအကျင်းတွေနဲ့ Spring Pyin Oo Lwin Investment က တော်လှန်ရေးအလွန်ကာလမှာ Educational Services, Tourism and Hill Resort, Organic Agriculture စီမံကိန်း တွေနဲ့အတူ အနာဂတ်ပြင်ဦးလွင်ကို အဆင့်ဆင့်ဖော်ဆောင်သွားဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဆိုပါမြို့ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေကို မထိခိုက်စေပဲ တော်လှန်ရေးကာလအတွင်း လိုအပ်တဲ့ ဘဏ္ဍာငွေ ရရှိစေဖို့လည်း သင့်တော်တဲ့ မြေကွက်တွေကို ပိုင်းခြားဖော်ထုတ် ရောင်းချပေးသွားမယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း ဖော်ဆောင်မယ့် စီမံကိန်း အသေးစိတ်တွေကို အများပြည်သူကို ထပ်မံအသိပေး ကြေညာသွားမှာဖြစ်ပြီး  ကြေညာပြီးပါက ကမ္ဘာ့နိုင်ငံ အသီးသီး က EOD ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက် ပါဝင်နိုင်မှာဖြစ်သလို အာဏာရှင် အဆုံးသတ်နိဂုံးအတွက် ပူးပေါင်းပါဝင်ကြတဲ့ တော်လှန်ပြည်သူအပေါင်းကို လေးစား ဂုဏ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

EOD အနေနဲ့ ဒီမတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း ရောင်းချခဲ့တာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ်စီမံကိန်း-သံသုမာတွေ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာ ဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013