Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် စစ်တပ်က ရွှေဖောင်နှင့်နေအိမ် ၃၀ ကျော်မီးရှို့ပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်
DVB
·
September 19, 2023
goldboat1992023

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရေလဲရွာမှာ စက်တင်ဘာ ၁၈ ရက် မနက် ၉ နာရီဝန်းကျင်က စစ်သင်္ဘော ၆ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွှေဖောင်အချို့ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံအမျိုးသမီးတဦးက “မနက်ပိုင်း ကလေးတွေကျောင်းသွားတဲ့အချိန် ရွှေကူနားမှာ စစ်သင်္ဘောတွေ တက်လာလို့ ရွှေဖောင်တွေကို ရှောင်ခိုင်းတာ၊ ရွှေဖောင် ၃ စီးလောက်က မရှောင်ဘဲ အလုပ် ဆက်လုပ်နေတော့ ပစ်ခံရတာ။ သူတို့ မီးရှို့ခဲ့တာ ရွှေဖောင်တွေလည်း ပါတယ်။ ဘယ်နှစီး လောင်သွားတာတော့ အတိအကျ မသိဘူး။ သူတို့ ဖြတ်လာတဲ့ အနီးနားရွာခံတွေ တော်တော် ဒုက္ခရောက်တယ်" လို့ ပြောပါတယ်။ 

ဒါ့အပြင် စစ်သင်္ဘော  ၆ စီးဟာ ရွှေကူးအနီး ကျောက်ချရပ်နားပြီး  ကျေးရွာတွေဘက် လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့တယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။ 

"အဲဒီနားက မြစ်လယ်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောပေါ် ကနေလည်း မြစ်ကမ်းဘေး နှစ်ဖက်တလျှောက် လက်နက်ကြီးတွေ ရမ်းသန်း ပစ်ထည့်နေတယ်။" 

ဒါ့အပြင် ရေလဲရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှိုခဲ့တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် မနက်ကလည်း ကျောက်ကြီးမှာ အဆိုပါစစ်သင်္ဘောတွေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အရပ်သား ၈ ယောက်ကို သတ်ဖြတ် မီးရှို့သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"၃၄ အိမ်ပါသွားတယ်။ အရပ်သား ၈ ယောက်ထဲမှာ ကပ်လျက် သံပုရာကုန်းရွာသစ်က ကိုရဲမောင်မောင် နဲ့ သံပုရာကုန်းရွာဟောင်းက ကိုဉာဏ်ထွန်းတို့ ၂ ယောက်ပါတယ်။ မီးရှို့ထားတော့ ဘယ်သူ ဘယ်ဝါလို့ မသဲကွဲ အတည်မပြုနိုင်တဲ့ ရုပ်အလောင်းတွေရောပေါ့။ ... PDF တွေ ဆုတ်သွားချိန်မှာဆိုတော့ ရွာသားတွေ မဲခံရတာပေါ့။ သံပုရာကုန်းရွာသား ၂ ယောက်အပါ  အရပ်သား ၈ ယောက်သတ်ခံထားရတာ။" 

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဗန်းမော်ဘက်ကို စစ်သားအင်အား ၃၀၀ လောက်နဲ့ လက်နက် ခဲယမ်း‌၊ ရိက္ခာတွေ တင်လာတဲ့ စစ်သင်္ဘော ၉ စီး စစ်ကြောင်ထိုး အင်အားဖြည့်ခဲ့ပြီး လက်ရှိ နောက်တသုတ်အနေနဲ့ စစ်ကြောင်းထိုး အင်အားဖြည့်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024