DVB Logo
Home
မြန်မာသတင်း
ထားဝယ် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေး အသင်းခေါင်းဆောင် ဖမ်းဆီးခံရ
DVB
·
September 19, 2023
ထားဝယ် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေး အသင်းခေါင်းဆောင် ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်း ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို စက်တင်ဘာ ၁၆ ရက်က လောင်းလုံးမြို့နယ် လမ်းပိုင်းတနေရာမှာ လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဇမ္ဗူသီရီအသင်းဆီက သိရပါတယ်။

ဦးနိုင်မျိုးသွင်ကို ထားဝယ်ပကဖ DDT အဖွဲ့နဲ့ ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့က ခေါ်ယူထိန်းသိမ်းစစ်ဆေးနေတာလို့ စက်တင်ဘာ ၁၈ ရက်မှာ အဲဒီအဖွဲ့ ၂ ခုက ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ​မြေပြိုကျမှုကယ်ဆယ်ရေးအပြီး ပြန်လာစဥ်မှာ ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။

"သူ့ရဲ့ ပရဟိတလုပ်ငန်းတွေ နှောင့်ယှက်ချင်တာလည်းမဟုတ်ပါဘူး။ အဲဒါကြောင့် အပြန်ခရီးမှာ သူ့ကိုစစ်ဆေးစရာရှိလို့ အဲဒီနေ့က ကား ၉ စီး လူအင်အား ၄၀ လောက်နဲ့လာတဲ့ ယာဥ်တန်းကို အေးအေးဆေးဆေးပဲတားပြီး သူ့အဖွဲ့ဝင်အားလုံးရှေ့မှာပဲ သူ့ကို ခေါ်လာတာပါ။ သူ့တယောက်တည်း ခေါ်လာတာပါ။ ကျန်တဲ့လူတွေက အကုန်ပြန်လွှတ်လိုက်တယ်" လို့ ထားဝယ်မြို့ပြ​ပြောက်ကျားအဖွဲ့တာဝန်ခံ ကိုပီတာက ဒီဗွီဘီကို ပြောပါတယ်။

ဦးနိုင်မျိုးသွင်ကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်မှု၊ သတင်းပေးမှုနဲ့ လူမှုရေးကိစ္စ၊ လိုင်စင်မဲ့ကားကိစ္စတွေကြောင့် ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဲဒီပြောဆိုချက်အပေါ် ဇမ္ဗူသီရီအသင်းသားတဦးက "အရေးပေါ်အသင်းဆိုတော့ မှုခင်းကိစ္စဖြစ်ရင် ရဲက တိုက်ရိုက်ဆက်သွယ်ပြီး အလောင်းကောက်ခိုင်းတဲ့ ကိစ္စမျိုးတွေရှိတော့ အဆက်သွယ်တွေကတော့ ရှိမှာပဲ။ ကျန်တဲ့ သတင်းပေးတယ်ဆိုတာနဲ့ လူမှုရေးကိစ္စတွေကတော့ ကာယကံရှင်က အသိဆုံးဖြစ်မှာပါ" လို့ မှတ်ချက်ပေးပါတယ်။

ကိုပီတာက "သူ့ကို စစ်ရတာက အကြမ်းနည်းနဲ့စစ်ရမယ့် ပုဂ္ဂိုလ်လည်းမဟုတ်တော့ အနားပေးပြီး အနုနည်းနဲ့ မေးရတာပါ။ သူဝန်ခံထားတာကတော့ လူမှုရေးကိစ္စတခုပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့ သူ့ဖုန်းကိုစစ်လို့ ရလာတဲ့ အချက်အလက်တွေကျတော့ စစ်ဆေးရဦးမယ်။ စစ်ကောင်စီရဲ့ တိုင်းဒန (တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးရာတွင် ဦးဆောင်ရန်ဖွဲ့စည်းထားသည့်အဖွဲ့) အဖွဲ့ အဲလိုအဖွဲ့တွေနဲ့ဆက်သွယ်ထားတာလည်းတွေ့တယ်" လို့ ဆက်ပြောပါတယ်။

ဖမ်းဆီးထားစဥ်မှာ ချုပ်နှောင်ထားခြင်းမရှိဘဲ တကိုယ်ရေအသုံးဆောင်အပြည့်အဝနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိန်းသိမ်းထားပြီး မိသားစု၊ အသင်းသားတွေနဲ့ ဖုန်းဆက်သွယ်ခွင့်ကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုပေးထားကြောင်း ကိုပီတာကပြောပါတယ်။

ဇနီးဖြစ်သူ၊ အသင်းသားတွေနဲ့ ဖုန်းအဆက်သွယ်ရပြီး ကျန်းကျန်းမာမာရှိနေကြောင်း အသင်းနဲ့နီးစပ်သူတွေက အတည်ပြုပေးပါတယ်။

အခုစစ်ဆေးမှုပြုလုပ်နေတာကို ထားဝယ်မြို့နယ် ပအဖအဖွဲ့ကို အသိပေးထားပြီး စစ်ဆေးပြီးပါကလည်း ပအဖ ရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

အရေးယူမှုနဲ့ပတ်သက်ပြီး မေးမြန်းရာ "သူ့ဝန်ခံချက်အပေါ်မူတည်ပါတယ်။ ခံဝန်ထိုးပြီး လွှတ်သင့်ရင်လွှတ်ပေးမယ်။ အချုပ်အနှောင်အနေနဲ့ လအရေအတွက် ချုပ်ထားရမယ်ဆိုရင်လည်း ချုပ်ထားမယ်ပေါ့" လို့ ကိုပီတာက ပြောပါတယ်။

ဇမ္ဗူသီရီအဖွဲ့ဟာ ထားဝယ်ခရိုင် လေးမြို့နယ်အတွင်း သဘာဝဘေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးကို လုပ်ဆောင်နေတဲ့ အသင်းကြီးတခုဖြစ်ပြီး ကိုဗစ်နဲ့ အာဏာသိမ်းကာလအတွင်း ရပ်နားသွားသော ပရဟိတအသင်းအရေအတွက် များပြားလာတာကြောင့် ထားဝယ်ခရိုင်အတွင်း အဓိကအားထားနေရတဲ့အသင်းတခု ဖြစ် ​​ကြောင်း မြို့ခံတွေက ပြောပါတယ်။

အခုရက်သတ္တပတ်အတွင်း လောင်းလုံးမြို့နယ်  အင်းဇောက်ရွာတွင်လည်း အရေးပေါ်ကား ယာဥ်မောင်း ၂ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားပြီး အဆက်သွယ်ပြတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီ ယာဥ်မောင်း ၂ ယောက် အဖမ်းခံရတဲ့ကိစ္စမှာတော့ DDT နဲ့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013