DVB Logo
Home
မြန်မာသတင်း
အထက်တန်းကျောင်းများတွင် အထက်တန်းပြ ၁၂ ဦး ခန့်ထားနိုင်ရန် စီစဉ်နေ
DVB
·
September 18, 2023
အထက်တန်းကျောင်းများတွင် အထက်တန်းပြ ၁၂ ဦး ခန့်ထားနိုင်ရန် စီစဉ်နေ
Donate to DVB

အခြေခံပညာ အထက်တန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းခွဲတွေမှာ အထက်တန်းပြ ၁၂ ဦးစီ ခန့်ဖို့အတွက် ဖွဲ့စည်းပုံရေးဆွဲနေတယ်လို့ စစ်ကောင်စီပညာရေးဌာနကနေ သိရပါတယ်။

စနစ်သစ်ပညာရေးအရ လိုအပ်လာတဲ့ ဆရာ ဆရာမတွေကို ခွဲဝေခန့်ထားနိုင်ဖို့ စစ်ကောင်စီ ပညာရေးဌာနက ဖွဲ့စည်းပုံအသစ် စီစဉ်ရေးဆွဲနေရာ အထက်တန်းကျောင်းတွေမှာ အထက်တန်းပြ ၁၂ ဦး ခန့်ထားနိုင်ဖို့ဆိုတဲ့ အချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းပညာရေးရုံးမှ အရာရှိတဦးက “စနစ်သစ်က အလုံးစုံ အကောင်အထည်ဖော်ပြီ ဆိုတော့ အထက်တန်းပြ လိုအပ်ချက်ကလည်း မြင့်လာတယ်။ အရင်က ကိုးတန်းနဲ့ ဆယ်တန်း ၂ ခုပဲရှိပေမဲ့ ဒီနှစ်မှာတော့ ဆယ်တန်း၊ ဆယ့်တတန်း၊ ဆယ့်နှစ်တန်းဆိုတော့ ဆရာအင်အား မမျှတော့ဘူး။ အထက်တန်းတင် မဟုတ်ဘူး။ အလယ်တန်း၊ မူလတန်းတွေအတွက်ပါ ဖွဲ့စည်းပုံ ပြန်ရေးနေရတယ်” လို့ ပြောပါတယ်။

လက်ရှိရေးဆွဲနေတဲ့ အထက်တန်းပြဖွဲ့စည်းပုံမှာ အထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲတခုမှာ အထက်တန်းပြ အနည်းဆုံး ၁၂ ဦး ရှိရမှာဖြစ်ပြီး ကျောင်းဦးရေအရ လိုအပ်ရင် နောက်ထပ် ၄ ဦး ခွဲဝေခန့်ထားနိုင်ဖို့အတွက်လည်း စီစဉ်ရေးဆွဲထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ CDM မူလတန်းပြ ဆရာမတဦးက ပညာရေးဌာနမှာ ဆရာလိုအပ်ချက်က နှစ်စဉ်ဖြစ်ပေါ်နေတာကြောင့် လက်ရှိရေးဆွဲနေတဲ့ အတန်းအဆင့်အလိုက် ဆရာခန့်ထားရေး မူဝါဒတွေဟာ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

“အရင်က အတန်းအားလုံးပေါင်းမှ ၁၁ တန်းပဲရှိတယ်။ အခု ၁၂ တန်းဖြစ်ပြီဆိုတော့ နောက်ထပ် ၂ တန်း ထပ်တိုးလာတယ်။ အရင်က ၁၁ တန်းမှာတောင် ဆရာအင်အား မလုံလောက်တာ အခုဆိုရင် ပိုဆိုးမယ့်အခြေအနေမှာ ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်းပြဆင်းမယ့် အရေအတွက်ရယ်၊ လိုအပ်ချက်ကို ချိန်ကြည့်မယ်ဆိုရင် သူတို့ဖွဲ့စည်းပုံက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်တခုက အထက်တန်းပြလိုနေလို့ အလယ်တန်းပြကို ရာထူးတိုးပေးရင် မူလတန်းမှာ လစ်ဟာနေဦးမယ်။ မူလတန်းလိုရင်လည်း မူပြကျောင်းဆင်းတွေ မရှိသေးရင် ဘေးကဆွဲခန့်တွေနဲ့ ဖြေရှင်းရဦးမယ်” လို့ အဲ့ဒီဆရာမက သုံးသပ်ပြပါတယ်။

လက်ရှိရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ ကျောင်းသား ၂၀၀ ကနေ ၃၀၀ အထိရှိတဲ့ ကျောင်းတွေဆိုရင် အထက်တန်းပြ အရေအတွက် ၁၂ ဦးအထိ ရှိရမယ်လို့ ဆိုထားပေမဲ့ တချို့ကျောင်းတွေမှာ တဘာသာချင်းဆီမှာတောင် ဆရာအရေအတွက် ပြည့်မီတာမျိုး မရှိ‌သေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013