DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄,၀၉၀ ခန့်ရှိလာ၊ မုန်းမြို့နယ်၌ အမျိုးသမီး ၃ ဦးကို ဖမ်းဆီး
DVB
·
September 18, 2023
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄,၀၉၀ ခန့်ရှိလာ၊ မုန်းမြို့နယ်၌ အမျိုးသမီး ၃ ဦးကို ဖမ်းဆီး
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၀၉၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၈၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၂၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၄၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၇ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၅၆၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့် သုတေသနဌာနက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေတပ်ဦးစီးချုပ်က ဦးဆောင်ကာ ဥက္ကဋ္ဌအဖြစ် နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် ၂၀ မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ပုလဲနဲ့ အရာတော်မြို့နယ်တွေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့ အပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

အခုနှစ်မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ အရပ်ဒေသတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ဦးတည်တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခဲ့မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးမှုဟာ စက်တင်ဘာ ၁၆ ရက်က ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုအချိန်အထိ စစ်အုပ်စုက သူတို့ရဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အပြင် ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီးတော့ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ ဒေသတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၁၅ ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာက ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်တော် ၇၇ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒ ကျည်စထိမှန်ကာ နေရာတင် ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယ ဦးဝင်းသိန်းကိုလည်း ကျည်စထိမှန်ပြီးတော့ သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ ၃၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာသား ၃ ဦးကို ဖမ်းဆီးသွားသလို နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူပေါင်း ၁,၆၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က မုန်းမြို့နယ် ငထွေစုတ်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဝင်ရောက်လာခဲ့ပြီး ရွာသား ၃ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဝင်လာကြောင်းကို သတင်းရတဲ့တွက် ကျေးရွာနေပြည်သူတွေ ထွက်ပြေးခဲ့ကြပေမဲ့ ရွာသူ ရွာသား ၈ ဦးဟာ ကျေးရွာအတွင်း ကျန်နေခဲ့တာလို့ ဆိုပါတယ်။

ကျန်နေသူတွေထဲက နော်ဒိုဂေ (၆၀ နှစ်)၊ နော်ဒိုင်ရီစိုး (၅၀ နှစ်) နဲ့  မမြသန်းစိန် (၃၀ နှစ်) တို့ကို  အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ငထွေစုကျေးရွာနဲ့ မျက်ရဲကျေးရွာတွေ အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲထားတဲ့အတွက် စက်တင်ဘာ ၁၅ ရက်က ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာက အိမ်ခြေ ၁၉၂ လုံးရှိ လူဦးရေ စုစုပေါင်း ၁,၅၃၄ ဦးမှာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အတွက် ရွာသူရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာသူရွာသားတွေ စိုက်ပျိုးထားတဲ့ လယ်ကွက်အတွင်း ကျွဲနွားများ ဝင်ရောက်ကာ စားသောက်ကြတဲ့အတွက် ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးနေရကြောင်း ဆိုပါတယ်။

ဒါ့အပြင် မိုးတွင်းကာလ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေဟာ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ မလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင် ကြုံတွေ့နေရကာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်းလည်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013