
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ပြင်းဖြူရွာကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါးခန့်နဲ့ ရေကြောင်းကနေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ ဒေသခံတဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တဦး သေဆုံးကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဆိုပါတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားတွေက နေအိမ်အတွင်းမှာ ပုန်းခိုနေတဲ့ မိသားစုဝင်လေးယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “စကစတပ်သားတွေက ၁၆ ရက်နေ့ နေ့လယ်လောက်မှာ လက္ကူးရွာကနေ ပြန်လည်ဆုတ်ခွာပြီး ၁၇ ရက်နေ့ မနက်ပိုင်းမှာ ရေကြောင်းကနေ စစ်ကြောင်းထိုးလာတယ်။ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းမှာ ဒေသခံတဦး သေဆုံးတယ်။ တိုက်ပွဲအပြီး နောက်မှာ ပုန်းနေတဲ့ မိသားစုလေးဦးကို တွေ့ပြီး ပစ်သတ်သွားတာ။ သေဆုံးသူတွေရဲ့အနားမှာ ရွှေကြုတ်တွေတော့ တွေ့တယ်။ ရွှေတွေတော့ မတွေ့ရဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်ကလည်း ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ ထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။