
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ စစ်အာဏာရှင်တပ်က တပိုရွာရှိ အရပ်သားနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပိုရွာ ဒေသခံတယောက်က “လူတော့ ထိခိုက်မှုမရှိဘူး။ နေအိမ်ပျက်စီးတာကတော့ ၁၀ ကျော်လောက် ရှိနေပြီ” လို့ ပြောပါတယ်။
အခုလို ဒရုန်းနဲ့ တိုက်ခိုက်တာဟာ တပိုရွာအနီးရှိ ပါဒစက်တော်ရွာဘုရားမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနစ်၊ နှစ်ကုန်ပိုင်းလောက်မှာ စစ်တပ်က တပိုရွာရှိ နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေဟာ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ခုနစ်၊ ဇန်နဝါရီလတုန်းကလည်း ဒေသခံတွေ စစ်ဘေးရှောင်နေရချိန် တပိုရွာနဲ့ အနီးတဝိုက်ကို စစ်တပ်က မီးရှို့ခဲ့တာကြောင့် ဥယျာဥ်ခြံ ဧက ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။










