DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ်  ညှဉ်းပန်းနှိပ်စက်မှုများ ပိုမိုကျူးလွန်လာ 
DVB
·
September 18, 2023
စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ်  ညှဉ်းပန်းနှိပ်စက်မှုများ ပိုမိုကျူးလွန်လာ 
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က  အရပ်သားပြည်သူအပေါ် ညှဉ်းပန်းနှိပ်စက်မှုဟာ တနှစ်ထက်တနှစ် ပိုများလာတယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့က  ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ  “ညှဉ်းပန်းနှိပ်စက်ခွင့်လိုင်စင်” လို့အမည်ပေးထားတဲ့ အစီရင်ခံစာ ထုတ်ပြန် ပြောပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်မှု ၅၄ မှု၊ ၂၀၂၂ ခုနှစ်မှာ ၉၅ မှုနဲ့ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်းမှာ ၁၁၈ မှု ရှိလာတာကြောင့် အရပ်သား ပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုဟာ ပိုမိုမြင့်တက်လာနေတာဖြစ်ကြောင်း ညီမျှခြင်းမြန်မာရဲ့ အချက်အလက်စုဆောင်းသူ မခင်ငြိမ်းသစ်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်တပ်နဲ့ စစ်အုပ်စုလက်အောက်ခံ အဖွဲ့အစည်းတွေဟာ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် နောက်ပိုင်းက စတင်ပြီး နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံ အသုံးပြုကာ အရပ်သားပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ဆက်တိုက် ကျူးလွန်နေကြောင်းလည်း ပြောပါတယ်။

အထူးသဖြင့် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အထူးသဖြင့် အမျိုးသမီးတွေဟာ ထိကပါးရိကပါး ဆက်ဆံခံရတာ၊ အုပ်စုလိုက် အဓမ္မပြုကျင့်ခံရတဲ့ အဖြစ်မျိုးလည်း ရင်ဆိုင်နေရကြောင်း သတင်းစာရှင်းလင်းပွဲမှာ အချက်အလက်ရှာဖွေသူ ကိုပြည့်သစ်က ပြောပါတယ်။

“တခုက ဘယ်သူမှ အကျဉ်းထောင်တွေထဲ မရောက်ချင်ကြဘူး။ ဒါပေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး စစ်ကြောရေးမှာ အရိုက်ခံရတဲ့လူတွေသည် ထောင်ထဲရောက်သွားတဲ့ အချိန်မှာမှ နည်းနည်းလေး ပြန်ဖြေသာတယ်ပေါ့နော်။ အကျဉ်းထောင်ဆိုတာ ဘယ်သူမှတော့ မသွားချင်ဘူး။ ဒါပေမဲ့ အနှိပ်စက်ခံရတဲ့ဟာ အရမ်းအလွန်အကျွံခံရတဲ့ဟာမျိုးတွေသည် ထောင်ထဲမှာရောက်မှသာ နည်းနည်းလေး ပြန်သက်သာတာပေါ့။ အထူးသဖြင့် အုပ်စုဖွဲ့ အဓမ္မကျင့်တာမျိုးတွေ၊ အမျိုးသမီးတွေနဲ့ LGBT အပေါ်မှာ ဖြစ်တာတွေ၊ နောက် ရိုက်နှက် နှိပ်စက်မှုတွေပေါ့နော်။ နောက်ပိုင်းမှာ ကျနော်တို့ တွေ့လာရတာက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ LGBT သာမက အမျိုးသားတွေကိုယ်တိုင်တောင် လိင်နဲ့ပတ်သက်တာတွေ ချိုးဖောက်ခံရတာတွေလည်း လက်နက်တခုလိုသုံးတာ တွေ့တယ်ဗျာ။”

ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ဆိုရင်လည်း စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေအပြင် ဖမ်းဆီးရမိတဲ့ မိသားစုဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာ၊ ငွေကြေးတောင်းခံတာတွေလည်း စစ်တပ်က ကျူးလွန်နေကြောင်း ဆိုပါတယ်။

ဒါ့အပြင် မိသားစုပေါင်းများစွာဟာ မိမိတို့ရဲ့ မိသားစုတွေကို အကျဉ်းထောင်အတွင်းရောက်ချိန်  သေဆုံးသွားတဲ့အတွက် တွေ့ဆုံနှုတ်ဆက်ခွင့် မရလိုက်တဲ့ ဖြစ်ရပ်တွေရှိသလို ဖမ်းဆီးခံရပြီးနောက် လုံးဝ အဆက်အသွယ်မရတော့တဲ့ လူပေါင်းများစွာလည်း ရှိနေကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။

“ပဋိပက္ခာဖြစ်တဲ့နေရာမှာတော့ ပဋိပက္ခမဟုတ်တဲ့ နေရာမှာလည်း ဖြစ်တယ်ပေါ့နော်၊ ဆိုလိုတာက မြို့ပေါ်မှာဖမ်းတယ်။ ဖမ်းပြီးခေါ်သွားတယ်။ ဘယ်ခေါ်သွားလဲမသိဘူး။ အဆက်အသွယ် ပြတ်သွားတယ်။ အဲလိုဖြစ်စဉ်မျိုးလည်း ဖြစ်လေ့ဖြစ်ထရှိတယ်။ အဲလိုပဲပေါ့ ရွာတွေမှာ ဖမ်းသွားတယ်။ ဖမ်းပြီးတော့ ဘယ်ခေါ်သွားမှန်းမသိဘူး။ ရွာထဲ စစ်ကြောင်းဝင်လာတယ်။ ဖမ်းသွားတယ်။ ဘယ်ဖမ်းသွားမှန်းမသိဘူး။ ဘယ်မှာမှလည်း အဆက်သွယ်မရဘူး။ ပြီးတော့ စစ်ကောင်စီက ဝင်လာတဲ့အချိန်မှာ ဖမ်းဆီးပြီးရင် ဆက်သွယ်ရေး တယ်လီဖုန်းတွေ ဘာတွေ အကုန်သိမ်းသွားတယ်။ သိမ်းသွားတော့ မိသားစုတွေကလည်း ဆက်သွယ်လို့မရဘူး။ ဘယ်ရောက်နေမှန်းမသိဘူး။ သူတို့ကလည်း မိသားစုကို လုံးဝ ဆက်သွယ်လို့ မရတော့ဘူးပေါ့နော်။ တချို့ဆိုရင် ဖမ်းသွားတယ်။ ရိုက်နှက်နှိပ်စက်တာတွေ လုပ်တာကို တွေ့တာတချို့ ရှိတယ်။ သို့သော် သူတို့ ပျောက်သွားတာပေါ့နော်။ မိသားစုဝင်တွေက ရဲစခန်းနဲ့ ထောင်တွေကို လိုက်ဆက်သွယ် စုံစမ်းတယ်။ အဲလိုနေရာကိုလည်း ရောက်လာတာမရှိဘူး။ ဘယ်ကိုရောက်လို့ ရောက်တယ်ဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒါက ဒီ စစ်ကိုင်း၊ မကွေး၊ မြို့ပေါ်မှာလည်း ရှိတယ်ပေါ့နော်။  ဥပမာ ရန်ကုန်က ဖမ်းသွားတယ်။ စစ်ကြောရေးမှာ ပျောက်သွားတယ်။ သေတာလား ရှင်တာလားလည်း မသိဘူး။ ဖမ်းသွားတာပဲ သိလိုက်တယ်ပေါ့နော်။ အဲဒီလိုလူတွေကို ဖမ်းဆီးပျောက်ဆုံးတဲ့ စာရင်းထဲ ကျမတို့ ထည့်ထားတယ်။ ကျမတို့ စုဆောင်းရရှိတဲ့ အချက်အလက်တွေအရတော့ လူ ၆၀ ရှိတယ်ပေါ့။ ဒါပေမဲ့ မြေပြင်မှာ လူ ၆၀ ထက်မကဘူး အများကြီးရှိပါတယ်။”

အစီရင်ခံစာဟာ စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတွေ၊ ရဲစခန်းတွေ၊ အကျဉ်းထောင်တွေနဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက စစ်ကောင်စီရဲ့ ဆိုးဝါးပြီး လူမဆန်တဲ့ ဆက်ဆံမှု (သို့မဟုတ်) အပြစ်ပေးမှုနဲ့ ပတ်သက်တဲ့ ညှဉ်းပန်းနှိပ်စက်မှု အခြေအနေ အဖြစ်အပျက် ၂၀၀ ကျော်ကို ကောက်ယူ ဖော်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။ဒီအစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရသူတွေရဲ့ တရားမျှတမှုရရှိဖို့ အတွက် ကုလသမဂ္ဂ၊ အာဆီယံ၊ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) စတဲ့ အဖွဲ့အစည်းတွေကို ရှေ့ဆက်လုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေးအပ်ဖို့လည်း ညီမျှခြင်းမြန်မာက အကြံပြု တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013