
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး၊ ကျိုဂိုကုမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်တခုမှာ အကြမ်းဖက် နှိပ်စက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုသွားဖို့ မြန်မာအလုပ်သမားတယောက်က တိုကျိုမြို့မှာ သတင်းစာရှင်းလင်းပွဲ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ဟော့ကိုင်းဒိုးခရိုင်ရှိ စိုက်ပျိုးရေးလုပ်ငန်းမှာ နေ့စဉ်လိုလို ရိုက်နှက်တာ၊ ဆဲဆိုခြိမ်းခြောက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာနဲ့ မတရား ငွေကောက်ခံတာတွေကြောင့် မြန်မာအလုပ်သမား အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက်လည်း စက်တင်ဘာလ အစောပိုင်းက တရားစွဲဆိုထားပြီး အခုက ၇ ယောက်မြောက် ဖြစ်ပါတယ်။
အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ဇွန်လကနေ ဇူလိုင်လအတွင်း နေ့စဉ် ရိုက်နှက် အကြမ်းဖက်ခဲ့ရတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းရဲ့ တာဝန်ခံ ၂ ယောက်ကို ရာဇဝတ်မှုနဲ့ တရားဝင်တိုင်ကြားပြီး တရားစွဲဆိုမယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားက DVB ကို ပြောပါတယ်။
“ကျနော် ဂျပန်နိုင်ငံမှာ အခုလို ကြုံတွေ့မယ်လို့ လုံးဝမထင်ထားဘူး။ ငရဲရောက်နေသလိုပဲ အရမ်းကြောက်နေခဲ့ပါတယ်။ ဘယ်သူ့ကို ဘယ်လိုတိုင်ပင်ရမလဲဆိုတာတောင် မသိတော့ဘဲ စိတ်ထဲမှာ ပျာယာခတ်နေခဲ့ပါတယ်။ ရန်ကုန်က ပို့ဆောင်ပေးတဲ့ ကုမ္ပဏီကို ဖုန်းဆက်တိုင်တော့ ၁ ရက်၊ ၂ ရက်ပဲ အလုပ်မခံရတာ၊ နောက်ရက်တွေမှာတော့ နေ့စဉ်နီးပါး နည်းနည်းမှားတာနဲ့ အကြမ်းဖက်ခံရလို့ မိမိကိုယ်ကို ကျွန်တယောက်လိုပဲ ဖြစ်နေပြီလို့ ထင်မိခဲ့တယ်။”
မြန်မာနိုင်ငံသားများအလုပ်သမားသမဂ္ဂ (ဂျပန်) မှ ဦးမြင့်ဆွေက “ဟော်ကိုင်းဒိုးမှာ မြန်မာအမျိုးသမီးလုပ်သားတွေက အနိုင်ကျင့်မှု၊ ရိုက်နှက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ကြားနေရာရတဲ့အချိန်မှာ တိုကျိုမှာ ခိုလှုံရောက်ရှိနေတဲ့ အခု အမျိုးသားက ကျနော်တို့ မြန်မာအလုပ်သမားသမဂ္ဂကို အကူအညီတောင်း စတင်ဆက်သွယ်ခဲ့တာပါ။ အခု ကျနော်တို့အဖွဲ့အပြင် ဂျပန်ရှေ့နေတွေ၊ ဂျပန်အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ထိထိရောက်ရောက် အရေးယူနိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေရှိတယ်” လို့ သတင်းစာရှင်းပွဲမှာ DVB ကို ပြောပါတယ်။
အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းဟာ ကျိုဂိုကုမြို့နယ်ရဲ့ လွှတ်တော်အမတ်တယောက်ပိုင် MT Agri ကုမ္ပဏီဖြစ်ပြီး အကြမ်းဖက်နှိပ်စက်မှု ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူ ၂ ယောက်ထဲက တယောက်က သူ့ရဲ့ သားဖြစ်သူလို့ သိရပါတယ်။
အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း နည်းပညာအလုပ်သင်တွေရဲ့ လူ့အခွင့်အရေးကို အလွန်အမင်းချိုးဖောက်ခဲ့မှုနဲ့ အစိုးရရဲ့ ၅ နှစ် လုပ်သားလက်ခံခွင့် ပယ်ဖျက်ခံခဲ့ရဖူးတယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အခုလို လုပ်သားလက်ခံခွင့် ၅ နှစ် ပြစ်ဒဏ်ချခံရပေမဲ့ ၄ လအတွင်း လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့်ရတဲ့အအပေါ် သတင်းထောက်တွေက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ မြန်မာအလုပ်သမားက “ကျနော့်လို မြန်မာနိုင်ငံသား နောက်လူတွေ မတရားလုပ်ခံရတာ မဖြစ်ကြရအောင် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အမှုဖွင့်မှာဖြစ်တယ်” လို့ ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အခုလို အလုပ်ရှင်တွေရဲ့ မတရား အကြမ်းဖက်ခံရနေမှုတွေအတွက် မြန်မာနိုင်ငံသားများအလုပ်သမားသမဂ္ဂ(ဂျပန်)ကို တိုင်ကြားတဲ့ မြန်မာအလုပ်သမားတွေ ပိုများလာတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။











