DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံမူအတိုင်း ဆက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော
DVB
·
September 18, 2023
မြန်မာ့အရေး အာဆီယံမူအတိုင်း ဆက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော
Donate to DVB

အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က ချမှတ်ထားတဲ့ မူဝါဒအတိုင်း ကူညီဖြေရှင်းမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ဘန်ပရီ ဖဟီထာနုကွန်းက စက်တင်ဘာ ၁၅ ရက် သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။

ဖွေ့ထိုင်းပါတီအစိုးရသစ် တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒ အပေါ် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ခုလို ဖြေကြားလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုဟာ ထိုင်းနိုင်ငံပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးမှုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု စတာတွေဖြစ်တယ်၊  မြန်မာအစိုးရနဲ့လည်း ထပ်ဆွေးနွေးဖို့ရှိတယ်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း ပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မိတ်ဆွေနိုင်ငံတွေဖြစ်ပြီး မြန်မာ့အိမ်တွင်းရေးကိစ္စတော့ မြန်မာပြည်ရဲ့ တရားဥပဒေတွေနဲ့ ဖြေရှင်းရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ကတော့ အာဆီယံအသင်းကြီးက သတ်မှတ်ထားတဲ့ မူဝါဒ ၅ ချက်အတိုင်းပဲ သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံပေါ်မှာလည်း သက်ရောက်မှုရှိခဲ့တယ်၊ အဲဒါကတော့ မူးယစ်ဆေးဝါးပြဿနာနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပြဿနာတွေပါပဲ။ ဒီပြဿနာတွေကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ အပါအဝင် မြန်မာ့နိုင်ငံရေးပြဿနာ၊ ဒီမိုကရေစီအရေး ပဋိပက္ခတွေဟာ မြန်မာက ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး ထိုင်းအနေနဲ့တော့ မြန်မာပြည် ငြိမ်းချမ်းရေးကို ကူညီဖို့ အာဆီယံနဲ့ အရင်ဆုံး တိုင်ပင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

အရင် (ပရာယုဒ်) အစိုးရလို မြန်မာအစိုးရနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ရှိသလားလို့ သတင်းထောက်တွေက မေးရာမှာတော့ အရေးကြီးတဲ့ အခြေအနေပေါ် မူတည်တယ်၊ အရင်ဆုံးတော့ အာဆီယံအသင်းဥက္ကဋ္ဌနဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်တယ်၊ ဒီကိစ္စလည်း မခက်ခဲပါဘူး၊ အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးလို့ရတယ်၊ လေယာဉ်စီးပြီး သွားမေးစရာ မလိုဘူး၊ မူးယစ်ဆေးဝါး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုစတဲ့ နှစ်နိုင်ငံအရေးဆိုရင်တော့ အစိုးရချင်း၊ အဆင့်မြင့်အရာရှိချင်း တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးလို့ ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စကိုတော့ အမြဲလုပ်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီအရေးကို အာဆီယံအသင်းနဲ့ထပ်တူ အားပေးထောက်ခံနေတာကြောင့် ဘာမှ ပြဿနာမရှိဘူးလို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောတဲ့ အကြောင်း ပရချားထိုင်းသတင်းမှာ ဖော်ပြပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုကိုခံခဲ့ရပြီး နိုင်ငံထဲမှာ အထူးသဖြင့် နိုင်ငံအရှေ့ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၃ စက်တင်ဘာ ၁၄ ရက်အထိ စစ်တပ်ရဲ့လက်ချက်ကြောင့် သေဆုံးသူ ၄,၀၇၈ ဦး၊ ဖမ်းဆီးခံရသူ  ၂၄,၇၇၂ ဦးရှိပြီး ထောင်ကျနေသူ ၁၉,၄၆၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရပါတယ်။

Source : prachatai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013