DVB Logo
Home
မြန်မာသတင်း
အင်းတော်၌ လေကြောင်းတိုက်ခိုက်မှုကြောင့်  ဘုန်းကြီး ၁ ပါးပျံလွန်၊ ပြည်သူ ၁ ဦး သေဆုံး
DVB
·
September 18, 2023
အင်းတော်၌ လေကြောင်းတိုက်ခိုက်မှုကြောင့်  ဘုန်းကြီး ၁ ပါးပျံလွန်၊ ပြည်သူ ၁ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စက်တင်ဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူသွားပြီး  ပြည်သူတယောက် သေဆုံးခဲ့ပါတယ်။

တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတိုက်လေယာဉ်ဟာ  တိုက်ပွဲမရှိ၊ အကြောင်းပြချက်မရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရမ်းစပ်ကုန်းရွာသားတဦးက “ဘုန်းကြီးကျောင်းဆောင်နဲ့  ဘုရားခန်း အကုန်ပြိုသွားတာပေါ့။ ၈ နာရီလောက်ဗျ။ သေဆုံးမှုကတော့ ဘုန်းကြီးတပါးရယ်၊ ရွာထဲက ဒကာတယောက်ရယ်တော့ သေသွားတယ်ဗျ။ သက်တော်က ၇၇၊ လူနာမည်က ကိုဝင်းသိန်းဗျ၊ အသက်က ၄၁ လောက်ရှိပြီ၊ အကြောင်းမဲ့လို့ပဲ ပြောရမှာဗျ။ ကျနော်တို့ အရပ်တွေကျတော့ အေးချမ်းသလိုပဲ၊ တိုက်ပွဲဆိုတာ မရှိဘူးပေါ့ဗျာ။ ဘုန်းကြီးကျောင်းကတော့ ဘုရားခန်းတခန်းလုံး ဘုရားတွေရော အများကြီးပဲ အဲ့နားနီးစပ်ကတော့ အကုန်ပျက်စီးသွားတာပေါ့” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်အစပ်မှာ တည်ရှိပြီး  ၂၀၂၂ စက်တင်ဘာလဝန်းကျင်မှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ ထိတွေ့မှုတချို့ ဖြစ်ခဲ့ပြီးနောက်ပိုင်း ငြိမ်သက်နေခဲ့တဲ့ဒေသ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာတော့ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံရမှု တနှစ်ပြည့် အောက်မေ့ခြင်းဆုတောင်းပွဲကို စက်တင်ဘာ ၁၆ ရက်မှာ ဒေသခံပြည်သူတွေက ပြုလုပ်ခဲ့ပါတယ်။ 

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ၂၀၂၂ စက်တင်ဘာ ၁၆ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ ပြည်သူ စုစုပေါင်း ၁၂ ယောက် ကျဆုံးပြီး ကလေး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။

လက်ယက်ကုန်းစာသင်ကျောင်းမှ ဆရာမတဦးက “ကမ္ဘာကိုသိစေချင်တဲ့ ဆန္ဒတခုနဲ့ပဲ လုပ်နေရတယ်။ ကြောက်ကြောက်နဲ့ပဲ လုပ်နေရတယ်။ သူတို့က ရက်စက်တယ်လေ။ အချိန်မရွေး လာပစ်နိုင်တယ်လေ ကျမတို့ကို။ အခု ကျမတို့ စာသာသင်နေရတာ၊ ရင်ထဲက တကယ်ပြောကြကြေးဆို ကြောက်တယ်။ ကျမတို့ကလေးလေးတွေ စာသင်မပေးရင်လည်း ပညာမတတ်ဘဲနဲ့ လမ်းဘေးရောက်သွားမှာကြောက်လို့မို့၊ စာသင်ပေးပြန်တော့လည်း သူတို့လာပြီး ပစ်သတ်မှာ ကြောက်ရတယ်။ အဲ့ဒီကြားထဲမှာ ကျမတို့ အလုပ်လုပ်နေကြရတာ။ ကျမတို့မှမဟုတ်ဘူး၊ ကျမတို့နိုင်ငံမှာရှိတဲ့ စာသင်နေတဲ့ ဆရာ ဆရာမတွေရော စာသင်နေတဲ့ ကလေးတွေရော အဲ့လိုခံစားပြီးတော့ ကျောင်းတက်နေရတယ်။ ကျမတို့ကို ငဲ့ညှာသောအားဖြင့် နိုင်ငံတကာက တရားမျှတမှုရအောင် လုပ်ပေးပါ။ ကျမတို့နိုင်ငံ ကလေးတွေကို တကယ်သနားတယ်။ စာလည်းမသင်ရဘူး၊ သင်ပြန်တော့လည်း အသက်တွေရင်းပြီး သင်ရတယ်။ ကလေးတွေမှမဟုတ်ဘူး သင်ပေးတဲ့ ဆရာ၊ ဆရာမတွေရောပဲ” လို့ ပြောပါတယ်။

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ ဒေသခံပြည်သူတွေက ကြိုးစားခဲ့ပြီး ကလေးတွေနဲ့ မိဘတွေကို စိတ်ပိုင်းဆိုင်ရာ ကုစားအားပေးတာတွေ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ယက်ကုန်းကျေးရွာသားတဦးကလည်း “ပြန်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ချင်တဲ့အပိုင်းနဲ့ ကျောင်းကို မဖြစ်ဖြစ်အောင် ပြန်ဖွင့်တယ်၊ လည်ပတ်တယ်။ စုံညီပွဲတော်တွေလည်း တနှစ်ပြီးတိုင်း လုပ်တယ်။ ဒါပေမဲ့လည်း ဒီနှစ် ဒီနေ့ ဒီရက် တနှစ်ပြည့် အခမ်းအနားမျိုး လုပ်တဲ့အခါကြတော့ သူတို့စိတ်ဓာတ်တွေက ပြန်ပြီးတော့ အကြောက်တရားတွေ ပြန်ဖြစ်သွားတယ်။ အဲ့ဒီအတွက် အများကြီး ခက်ခဲသွားတယ်။ ကျန်တာတော့ သိပ်ပြီး အခက်အခဲ မရှိလှပါဘူး။ ကျေးရွာပြည်သူလူထုကရော အားလုံး ပူးပေါင်းပြီးတော့ ကျောင်းသားကျောင်းသူ အုတ်ဂူတွေကို သွားပြီးတော့ လွမ်းသူ့ပန်းခွေချတာ၊ သူတို့တတ်နိုင်တဲ့ပန်းလေးတွေ ယူလာပြီးတော့ အခမ်းအနားလုပ်တာ၊ ဒါတွေက ဘာမှ သိပ်အခက်အခဲမရှိဘူး” လို့ ပြောပါတယ်။

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို ရှုတ်ချခဲ့ပြီး ကျူးလွန်တဲ့သူတွေ တာဝန်ခံမှုရှိအောင် လုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ယက်ကုန်းကျေးရွာမှာ ကေအိုင်အေနဲ့ PDF တွေ ရှိနေလို့ လေကြောင်းကနေ တိုက်ခိုက်တာလို့ ပြောဆိုခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းထဲက မိဘတွေဟာ သားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်စိတ်တွေ ဝင်ခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013