Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်သေဆုံး၊ ၃၈၄ ယောက် ဒဏ်ရာရ
DVB
·
September 18, 2023

စစ်တပ်အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၅ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၃၈၄ ယောက်ရှိတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်း ကို ကိုးကားပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောပါတယ်။

“ရဲဘက်မှာက ပြုစုထားတဲ့ စာရင်းရော၊ တပ်ဘက်က ပြုစုထားတဲ့ စာရင်းရော ပေါင်းပြီး ကက(ကြည်း)ရုံးကို တင်ရတာ။ အဲ့ကနေ ပြန်ထွက်လာတဲ့ စာရင်းပါ။ ရဲဘက်က ကောက်ထားတဲ့ စာရင်းအရ သေဆုံးသူ ၄၄၅ ယောက်ရှိတယ်။ ကျန်တာက တပ်ဘက်က ကောက်ထားတဲ့ စာရင်းနဲ့ပေါင်းတာ။”

လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့တွေ ပစ်ခတ်လုပ်ကြံ တိုက်ခိုက်မှုကြောင့် ရဲမှူးကြီး၊ ဒုရဲမှူးကြီး၊ ရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ် စတဲ့ အရာရှိ ရဲတပ်ဖွဲ့ဝင် သေဆုံးမှုမှာ ၂၀၄ ဦးရှိပြီး ရဲအရာခံ၊ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ် သေဆုံးမှုမှာ ၁၈၅ ဦးနဲ့ ရဲတပ်သား ၂၁၆ ဦးရှိကာ ဒဏ်ရာရရှိသူ ၃၈၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အများဆုံးပစ်ခတ်ခံရတဲ့ နယ်မြေမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ဖြစ်ပြီး ဒဏ်ရာရသူ ၃၈၄ ယောက်ထဲက ၁၁၂ ယောက်ကို တာဝန်မှ အနားပေးခဲ့ရတယ်လို့ ရဲချုပ်ရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ရာရတာမှန်ပေမဲ့ လုပ်ငန်းတွေ မလုပ်နိုင်တော့တဲ့ ရဲတွေကို အငြိမ်းစားပေးရတယ်။ အများစုက ရဲတပ်ရင်း၊ လုံခြုံရေးရဲတပ်ရင်းက ရဲတွေ၊ ဥပမာ ခြေထောက်ဖြတ်ရတာတို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတာတို့။”

လတ်တလော ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ သေဆုံး၊ ဒဏ်ရာရတဲ့စာရင်း မပါဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဒဏ်ရာရတဲ့ စစ်တပ်က စစ်သည်တွေနဲ့ အရာရှိတွေကိုတော့ ပင်လယ်ကမ်းခြေကို အပန်းဖြေခရီး ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရ  ရဲတပ်ဖွဲ့ဝင်တွေကိုတော့ အပန်းဖြေ အနားယူဖို့  လုပ်ဆောင်ပေးတာ ရှိ မရှိ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024