
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ရွာအုပ်စု၊ ရှောက်တက်ခင်းရွာ၊ ထူးထူးတိုး ရေပေါ်လွန်းကျင်းဧရိယာမှာ စက်တင်ဘာ ၁၈ ရက်၊ ဒီနေ့ မနက်ပိုင်းက ကုန်တင်စက်လှေတစီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီတိုင်းမီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါစက်လှေဟာ ကမ်းပေါ်မှာ လှေဒေါက်တင်ထားတာဖြစ်ပြီး မနက် ၈ နာရီခွဲလောက်က စက်လှေအနောက်ဘက်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၉ နာရီ ၅ မိနစ်မှာမီးထိန်းနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ရွှေရောင်နေ့သစ်အသင်းတာဝန်ရှိသူတဦးက “လောင်သွားတဲ့ စက်လှေက ကုန်းပေါ်မှာ လှေဒေါက်တင်ထားတာ။ လူထိခိုက်တာတော့ မတွေ့ခဲ့ရပါဘူး။ လှေအနောက်ခန်းကနေ စလောင်တာ၊ ကုန်လှေပါ။ အထဲမှာ ကုန်ပစ္စည်းနည်းနည်းပါးပါးပါ ရှိနေတယ်။ အနောက်ပိုင်းခြမ်းနဲ့ အတွင်းပိုင်းက လှေဝမ်းတခုလုံး လောင်သွားပါတယ်”လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုကို မြိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ အရပ်ဖက်အသင်းတွေကပါ ပူးပေါင်း ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြရာမှာ မီးစလောင်အပြီး ၁ နာရီခွဲကျော်အကြာ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်က တွက်ချက်နေဆဲ ဖြစ်ပါတယ်။










