DVB Logo
Home
မြန်မာသတင်း
ပုလော၌ နေအိမ် ၁၅ လုံးကို စစ်တပ်ကမီးရှို့၊ ခရမ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး PDF ထံခိုလှုံ
DVB
·
September 18, 2023
ပုလော၌ နေအိမ် ၁၅ လုံးကို စစ်တပ်ကမီးရှို့၊ ခရမ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး PDF ထံခိုလှုံ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က ၂ ရက်တာအတွင်း နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ နေအိမ် ၁၀ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ရင်း စကစ ဘက်က နေအိမ်တွေကို မီးရှို့ခဲ့တာပါ။ PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲချက်နဲ့ မီးရှို့ဖျက်ဆီးခဲ့တာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်က ရွာသား အယောက် ၁၀၀ နီးပါးကို လူသားတံတိုင်းအနေနဲ့ လက္ကူးရွာရှိ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

“ရွာသားတွေ တော်တော်များများက မြို့တွေ၊ ရွာတွေဘက်ကို စစ်ရှောင်ကုန်ကြပြီ။ စကစကလည်း ၁၅ ရက်နေ့မှာ စစ်ကြောင်းထိုးလာပြီး လက္ကူးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ လက္ကူးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ရွာသားတွေကိုတော့ စကစက ဖမ်းဆီးထားတယ်။ ဒီကနေ့ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်နေတော့ ဖမ်းဆီးခံရတဲ့ ရွာသားတွေရဲ့ အခြေအနေတွေ အတိအကျမသိရသေးပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲအပြီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လက္ကူးကျေးရွာရှိ ဒေသခံတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် လက်နက်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးသန်းဇော်ဟာ  ဝမ်းဗိုက်မှာ လက်နက်ကြီးကျည်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခရမ ၅၆၁ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ တပ်သား ၁ ဦး  စက်တင်ဘာ ၁၃ ရက်မှာ လက်နက်အပြည်အစုံနဲ့ ခိုလှုံခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တပ်သား ကိုအောင်မင်းဆိုဟာ အခုလ စက်တင်ဘာ ၁ဝ ရက်နေ့က ခမရ ၅၆၁ တပ်ရင်းကနေ MA (၁) လက်၊ ကျည်တောင့် (၃၀) ပါ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် (၁၀၀) နဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုစတားက ပြောပါတယ်။ 

"သူပြောတာက တပ်ရဲ့ကျင့်ဝတ်ခြောက်ဆယ်နဲ့ မညီတော့ဘူး။ တပ်ထဲမှာလည်း အထက် အောက် ခွဲခြားမှု ရှိ‌နေတယ်။ အများပြည်သူပစ္စည်းတွေကိုလည်း ခိုးယူခိုင်းတာရှိတယ်။ အဲဒါတွေ မကြိုက်လို့ တပ်ကနေထွက်လာခဲ့တာလို့ ပြောပါတယ်။”

စစ်ကောင်ဘက်ကနေ လာရောက်ခိုလှုံကြတဲ့ စစ်သားနဲ့ ရဲတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးဘက်က ကြိုဆိုနေပြီး လက်နက်နဲ့တကွ လာရောက်ခိုလှုံပါက ဂုဏ်ပြုဆု ချီးမြင့်သွားမှာဖြစ်တဲ့အပြင် သင့်တော်ရာနေရာတွေမှာ နေထိုင်နိင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

"ကျနော်တို့ကတော့ ပြည်သူနဲ့အတူ ပူးပေါင်းလာကြတဲ့သူတွေကို အမြဲတမ်း ကြိုဆိုနေပါတယ်။ ကျနော်တို့ဆီ ရောက်ပြီဆိုရင် ဘာမှ စိုးရိမ်စရာမရှိပါဘူး။ တပ်တွင်းသတင်းတွေအရလည်း ပူးပေါင်းလာကြမယ့်သူတွေ အများကြီးရှိနေတာ သိထားတယ်။ ကျနော်တို့ဆီရောက်လာရင် သူတို့ရဲ့ဆန္ဒအပေါ် မူတည်ပြီး လွတ်မြောက်ဒေသဖြစ်ဖြစ်၊ ပြည်ပနိုင်ငံဖြစ်ဖြစ် ပို့ဆောင်ပေးနေပြီး နယ်မြေထဲမှာ တော်လှန်ရေးအတွက် ဆက်လက်ပါဝင်မယ်ဆိုရင်လည်း သင့်တော်ရာ စီမံဆောင်ရွက်ပေးနေပါတယ်" လို့ ကိုစတားက ပြောပါတယ်။

လာရောက်အပ်နှံတဲ့ လက်နက်ခဲယမ်းတွေကို တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင်ငွေပေးအပ်နိုင်ဖို့အတွက် လုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါတပ်သား ထွက်ပြေးလာတဲ့နေ့ကလည်း စစ်ကောင်စီတပ်က ဗောဓိကမ်းတံတားကို ပိတ်ချလိုက်ပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို အဆက်မပြတ်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အတွင်း CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄၉ ဦး ပေါင်း ၈၄ ဦးအထိ ရှိခဲ့ပြီး သူတို့ကို ဘေးကင်းရာနေရာတွေ ပို့ဆောင်ခဲ့ပြီးပြီလို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013