
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြင်သားရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်လင်မယား ၂ ယောက်သေဆုံးပြီး ၂ နှစ် အရွယ် ကလေးအပါအဝင် ဒေသခံ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် ည ၇ နာရီဝန်းကျင်က မြောက်ခင်ရန်းပျူစောထီးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မြင်သားရွာနဲ့ သာလင်းရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် တောင်ခင်ရန်းရွာကနေ မြင်သားရွာကို စစ်ဘေးရှောင်လာတဲ့ အသက် ၂၂နှ စ်အရွယ် ကိုစိုးလင်းနဲ့ မဝေဝေလွင်တို့ လင်မယားနှစ်ယောက်ဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မြင်သားရွာက အသက် ၂ နှစ်အရွယ် မောင်စည်သူဖြိုးအပါအဝင် အမျိုးသား ၃ ယောက်နဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်သန်းဆွေ အပါအဝင် အမျိုးသမီး ၄ ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါနယ်က ဒေသခံတယောက်က “သူတို့ဘက်ကတော့ မြင်သားနဲ့ သာလင်းဘက်ကို အမြဲပစ်နေတာပဲ။ အဲဒီရွာက ဒေသခံတချို့ကတော့ ရွာမှာမနေကြဘဲ တောတွေမှာ တိမ်းရှောင်နေကြတယ်။ အရင်ကလည်း လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတွေ သေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီးပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီးထိမှန်ဒဏ်ရာရတဲ့သူတွေဟာ ခြေထောက်၊ ဗိုက်၊ ရင်ဘတ်၊ ဒူးဆစ်၊ ကျောပြင် စတဲ့နေရာတွေ ဒဏ်ရာရခဲ့ကြပြီး ကြားကာလပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။
အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ မြင်သားရွာကို စစ်ကောင်စီက ဩဂုတ် ၁၁ ရက်နေ့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၂ ယောက်သေဆုံးပြီး ၄ နှစ်အရွယ်ကလေးအပါအဝင် ၅ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
ဇူလိုင် ၁၅ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သာလင်းရွာက ဒေသခံအမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ဓာတ်ပုံ-မင်းဒဿ










