
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပြည်သူတွေနေတဲ့ ကျေးရွာမှာတပ်စွဲအခြေချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၈ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရတယ်လို့ ဂန့်ဂေါဒေသကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က မြောက်ခင်ရန်းရွာအပါအဝင် အနီးအနား ပျူစောထီးကျေးရွာ ၇ ရွာက အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ သင်တောရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး ဘန်ကာတွေ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက် မနက် ၇ နာရီကစပြီး နေ့လည် ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွါးခဲ့တာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲဒီနောက် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့ပြီး ၁၇ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုထားပါတယ်။
ဂန့်ဂေါ ပကဖ တာဝန်ရှိသူက “ဂန့်ဂေါမှာက စစ်ကြောင်းက ၂ ကြောင်းဖြစ်နေတယ်။ တိုက်ပွဲဖြစ်ထားတဲ့ စစ်ကြောင်းက မြောက်ခင်ရန်း (ပျူစောထီးရွာ) ဘက် ပြန်ဝင်သွားတယ်။ စစ်ရေးကတော့ စောင့်ကြည့်အနေအထားဖြစ်နေတယ်။ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအများအပြားအသုံးပြုခဲ့ပြီး CDF- KKG တပ်ရင်းက ရဲဘော်တယောက် ခြေထောက်မှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ သင်တောရွာက ဒေသခံ ၄၀၀ ကျော်ဟာလည်း ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါသေးတယ်။
အဲဒီတိုက်ခိုက်မှုကို ပကဖ အဖွဲ့ဝင်တွေ၊ ဂန့်ဂေါခရိုင် အမှတ် ၁၊ ၁၂ နဲ့ ၁၄ က ရဲဘော်တွေ၊ ABSDF၊ KKG၊ Hyper UAV Force က ရဲဘော်တွေ ပါဝင်ခဲ့ကြပါတယ်။











