
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးအနောက်ရွာက ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတယောက် မနေ့က ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အသက် ၅၀ အရွယ် ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ကေသီဟာ သူ့အိမ်မှာရှိနေတုန်း လက်နက်ကိုင် လူတစု လာရောက်ပစ်ခတ်သွားတာပါ။
ဒေသခံတယောက်က “နေအိမ်ထဲ သေနတ်နဲ့လာပစ်သွားတာ။ အချက်ရေ တော်တော်များတယ်။ နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ဖြစ်ဖြစ်ချင်း ဘယ်သူမှ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။
သေနတ်သမားတွေဟာ ဒေါ်ကေသီကို ၇ ချက် ပစ်ခတ်ခဲ့ပြီး ညာဘက်မျက်လုံး၊ ညာလက်ခုံ၊ ဆီးခုံ၊ ရင်ညွန့်နဲ့ ဝမ်းဗိုက်တို့မှာ ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး နေရာမှာတင် သေဆုံးသွားခဲ့တာပါ။
ရပ်/ကျေး အဆင့် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တဲ့ ဒေါ်ကေသီဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရပ်ရွာထဲမှာ နေရတကာ ပါတတ်သူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်းဟာ နေအိမ်ရှေ့မှာရှိနေတုန်း လက်နက်ကိုင် လူတစုရောက်လာပြီး ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။