
လစ်ဗျားနိုင်ငံအတွင်း ရေကြီးရေလျှံခဲ့တာတွေကြောင့် ကမ်းရိုးတန်းမြို့ ဒါနာရဲ့ နေရာအနှံ့ အပြားမှာ ရေလွှမ်းမိုး ခံရပြီး ခြောက်ရက်အကြာမှာ ပင်လယ်ထဲကို မျောပါသွားခဲ့တဲ့ အလောင်းတွေကို ရှာဖို့ အပျက်အစီး အပုံလိုက်တွေကို တူးဖော် ရှာဖွေဖို့ လစ်ဗျား ကယ်ဆယ်ရေးအဖွဲ့တွေဟာ စက်တင်ဘာ ၁၆ ရက် က ကြိုးပမ်းခဲ့ပါတယ်။
ဒါနာမြို့ရဲ့ ပင်လယ်ကမ်းစပ် မှာ မုန်တိုင်းဒဏ်ခံ ကွန်ကရစ် တံတိုင်းတွေပေါ်မှာ ကတ်သီးကတ်သတ် တင်နေတဲ့ ကားပျက်တစီးနဲ့ ရွှံ့ရေကန်တွေကြားမှာ ရေမျောကမ်းတင် သစ်သားချောင်းတွေ ပြန့်ကျဲ နေတာ တွေ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ အတွက် လမ်းကြောင်းရှင်းဖို့ တူးဖော်ရေးသမားတွေက လုပ်ဆောင်ခဲ့ပြီး အလောင်း တွေကိုရှာဖို့ ရဟတ်ယာဉ်က ပင်လယ်ပြင်ကို စကင်န်ဖတ်ခဲ့ပါတယ်။
အပျက်အစီးတွေအောက်က အလောင်း ၁၀ လောင်း အပါအဝင် ပင်လယ်ကမ်းခြေကနေ လွန်ခဲ့တဲ့ သုံးရက်အတွင်း ရုပ်အလောင်း ၄၅၀ ကျော်ကို ဆယ်ယူ ရရှိခဲ့တယ်လို့ လူပျောက်ရှာဖွေရေး တာဝန်ခံ ကာမယ်လ် အယ်လ် စီဝီက ပြောခဲ့ပါတယ်၊။
လစ်ဗျားမှာရှိတဲ့ ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာနိုင်ငံတကာအဖွဲ့က လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူဆ ထားပါတယ်။
ဆေးရုံတွေမှာ သေဆုံးသူ ၃၉၂၂ ဦးရှိပြီး ရေဘေးသင့်ဒေသမှာ လူပေါင်း ၃၈၆၄၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ အသေအပျောက် အစစ်အမှန် အရေအတွက်က ပိုများနိုင်တယ်လို့ လည်း အရာရှိတွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters










